DVB Logo
Home
Lead Story
ရှင်သန်မှုတွေအတွက် အားယူနေဆဲလား ရန်ကုန် 
DVB
·
April 30, 2020
ရှင်သန်မှုတွေအတွက် အားယူနေဆဲလား ရန်ကုန် 
Donate to DVB

မိုးရွာပြီးခါစ  တိုက်ခတ်လာတဲ့ လေထုထဲမှာ ပိတောက်ပန်းရနံ့လေးတွေနဲ့အတူ မြေသင်းနံ့လေးပါရနေတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေဘေးက  အဝါရောင်ထိန်ထိန်ပွင့်နေတဲ့ ပိတောက်ပင်တွေကတော့ လှချင်တိုင်းလှနေတော့ မြင်ရတာ ကြည့်လို့ကောင်းသား။

မနက်စောစောလမ်းမတွေပေါ် လမ်းမလျှောက်တာကြာလို့ ပြန်လျှောက်မိတော့ မြင်မိသမျှတွေကတော့  တငေးတမောပါပဲ။ ဟိုအရင်ကာလတွေက လမ်းမတွေပေါ်ကြည့်မိလိုက်ရင် ရှေ့ဆက်မသွားနိုင်တဲ့ ကားတန်းကြီးတွေကိုတောင် ပြန်သတိရသွားတယ်။ ဒီလိုအချိန်မျိုးမှာ ရန်ကုန်မြို့ကလမ်းတွေကို အဆင့်မြှင့်တင်တာတွေ၊ ပြုပြင်တာတွေ လုပ်သင့်တဲ့အချိန်လို့တောင် တွေးထင်မိသေးတယ်။

ဘာပဲဖြစ်ဖြစ် လူတွေပြောနေကြတဲ့ ရန်ကုန်ဟာခံတပ်ပဲဆိုတဲ့စကားတွေ သွားသတိရမိသေးတယ်။ လူဦးရေ ၇ သန်းကျော်ကို ထမ်းပိုးထားရတဲ့ ရန်ကုန်ရဲ့ သင်္ကေတဟာ အမြဲလှုပ်ရှားရုန်းကန်နေတာပါ။ ရင်းနှီးမြုပ်နှံမှုတွေ၊ ကုန်သွယ်ရေးအချက်အခြာကျမှုတွေနဲ့ ပြည်ပခရီးသွားအဝင်အထွက်တွေနဲ့ အမြဲလိုလိုစည်းကားနေတဲ့ ရန်ကုန်ဟာ အခုလို တိတ်ဆိတ်မှုတွေ ဖြစ်နေတာကိုတော့ ရန်ကုန်သားတစ်ယောက်အနေနဲ့ စိတ်မကောင်း သဘောမကျမိဘူး။ မိတ်ဆွေတစ်ယောက်ပြောသလို ရန်ကုန်ဟာ မြန်မာရဲ့ နှလုံးခုန်သံပါပဲ၊ နှလုံးခုန်သံမရှိတဲ့ အသက်ရှင်သန်မှုက  သေဆုံးနေသလိုပါပဲ။

ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ရန်ကုန်ဟာ အမြန်ရှင်သန် ထမြောက်သင့်တယ်မဟုတ်လား။ 

ကပ်ရောဂါဆိုးရဲ့ ခပ်ပြင်းပြင်းရိုက်ချက်ကြားမှာ ရန်ကုန်ဟာ အထိနာဆုံးလို့ ဆိုရမယ်။ ပိတ်ထားရတဲ့ ရုပ်ရှင်ရုံတွေ၊ ရပ်ဆိုင်းထားရတဲ့ ခရီးသွားလုပ်ငန်းတွေ၊ ကုန်စည်စီးဆင်းမှု ပြတ်လတ်တာတွေနဲ့  လည်ပတ်နေတဲ့ စက်ရုံ အလုပ်ရုံတွေပါ ရပ်ဆိုင်းခဲ့ရတာတွေကြားမှာ အားလုံးဟာ ဝရုန်းသုန်းကားပဲ။

လသာဘက်ရောက်တော့ စဉ့်အိုးတန်းနဲ့ ၁၉ လမ်း ညတွေ၊  ပျော်ခဲ့ရွင်ခဲ့ တစ်ထောင့်တစ်ညပေါင်းများစွာကို သတိရမိတယ်။ စိတ်ထဲကနေတော့ ရန်ကုန်ရေ အမြန် ပြန်ထလိုက်ပါတော့လို့  ခပ်တိုးတိုးရေရွတ်မိသေးတယ်။

ဒီနေ့မှာတော့ မှတ်တိုင်တွေမှာ ရပ်နေတဲ့ လူတချို့ကိုမြင်ရတော့  ပြီးခဲ့တဲ့ရက်ပိုင်းက ခြောက်သွေ့နေတဲ့ ရန်ကုန်လမ်းမပေါ်ဟာ လိုင်းကား တချို့နဲ့ ပြန်လည်သက်ဝင်လှုပ်ရှားနေတယ်လို့ဆိုရမယ်။

မြို့လယ်ကောင် ဆူးလေတဝိုက်နားမှာတော့ စျေးဆိုင်တချို့က ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြတယ်။ တစ်နေ့လုပ် တစ်နေ့စား ဝမ်းရေးဖြေရှင်းနေရတဲ့ လမ်းဘေးစျေးသည်တချို့ကတော့  သင်္ကြန်ပြီးကတည်းက  ပြန်လည်ရောင်းချနေတယ်လို့ ဆိုတယ်။

ဒါပေမဲ့  တချို့သောရက်တွေမှာ ပြန်စရာ စရိတ်တောင်မရဘူးလို့ စျေးသည်တချို့ရဲ့ ညည်းဆိုသံကိုလည်း ကြားရပြန်တယ်။ နိုင်ငံခြားသား ခရီးသွားဧည့်သည့်တွေနဲ့ အမြဲစည်းကားနေတဲ့ ဗိုလ်ချုပ်စျေးဘက်ကတော့ တိတ်တိတ် ဆိတ်ဆိတ်ပဲ။

လမ်းမတွေပေါ်မှာ အစားအသောက်ပို့တဲ့ Food Delivery သမားတွေကိုတော့ အများအပြားတွေ့ရတယ်။ အရာရာဟာအကောင်းနဲ့ အဆိုးဒွန်တွဲနေတယ်ဆိုတဲ့ အတိုင်း တဘက်က ဆိုးကျိုးတွေရှိနေပေမဲ့ ဒီကာလမှာ အလုပ်အဖြစ်ဆုံးကတော့ ဒီလူတွေပဲ၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေမှုတွေအတွက်တော့ ဝမ်းသာစရာပဲမဟုတ်လား။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် မြန်မာအပါအဝင် တကမ္ဘာလုံးက စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နစ်နာပေမဲ့လည်း ကိုဗစ်ကြောင့် ပိုပြီးအောင်မြင်လာတဲ့ လုပ်ငန်းတွေလို့ ဆိုရရင် Delivery လုပ်ငန်းတွေလည်းပါတယ်။  နောက်ပြီး ရပ်ကွက်တွေထဲက စျေးဆိုင်လေးတွေ အရင်အချိန်တွေထက် ပိုပြီးရောင်းလာရတယ်လို့ စျေးရောင်းသူတွေက ပြောကြဆိုကြတယ်။ 

ထူးထူးခြားခြား လူငါးယောက်နဲ့အထက် ရှိတဲ့နေရာဆိုလို့ လော့ဒေါင်းချထားတဲ့ တိုက်တချို့နဲ့ ဝါးလုံးတားထားတဲ့ လမ်းထိပ်တွေမှာပဲ မြင်ရတယ်။

ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်းတွေကတော့ ချောင်ချောင်ချိချိပဲ။ ညွှန်ကြားချက်ထုတ်ပြန်တာမတွေ့ရပေမယ့် တချို့သောယာဉ်လိုင်းတွေကတော့ ယာဉ်စီးခကို ပိုတောင်းကြတယ်လို့ ပြောဆိုသံတွေလည်း ကြားမိပြန်တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရောဂါပိုး နှစ်ရက်ဆက်တိုက်မတွေ့တဲ့ အခြေအနေကြောင့် လူတွေဟာ လမ်းမပေါ် ပြန်ထွက်လာကြတယ်လို့ဆိုလို့ရတယ်။ ပလက်ဖောင်းပေါ်က ကွမ်းယာဆိုင်တွေနဲ့ လမ်းဘေးအစားအသောက်ဆိုင်လေးတချို့လည်း ပြန်ထွက်နေတာတွေ့ရတယ်။

မြို့လယ်ကောင်ထက်စာရင် ဆင်ခြေဖုံးမြို့နယ်တချို့မှာတော့  သိပ်တော့ အပြောင်းအလဲမတွေ့ရဘူး။ လက်လုပ်လက်စား အခြေခံလူတန်းစားတွေအတွက်တော့  ရောဂါဖြစ်ခြင်း မဖြစ်ခြင်းထက် လတ်တလော ဝမ်းဝဖို့အရေးကြီးတယ်လို့ ဆိုကြတယ်။

သွားလာလှုပ်ရှားမှုတွေအကြားမှာ တချို့သောသူတွေက နှာခေါင်းစည်း Mask တပ်ထားတာကို မြင်ရသလို တချို့တွေကြတော့ ပုံမှန်အတိုင်းပါပဲ။  ဒါပေမဲ့ မှတ်တိုင်တွေနဲ့ လမ်းဆုံ လမ်းဝတွေမှာတော့ ဘေစင်တွေနဲ့ လက်ဆေးဖို့ လုပ်ပေးထားတာတွေ့ရတယ်။ 

ဘာပဲဖြစ်ဖြစ် ရန်ကုန်ဟာ ရန်ကုန်လို ဖြစ်မနေခဲ့တာ အချိန်အားဖြင့် တစ်လကျော်ခဲ့ပြီ၊ စီးပွားရေး မြို့တော်ပီပီ အမြဲလှုပ်ရှားသက်ဝင်ခဲ့တဲ့ ရန်ကုန်ဟာ အလွယ်တကူနဲ့တော့ မကျရှုံးနိုင်ပါဘူး။

ဖြတ်သန်းခဲ့တဲ့ ခုနှစ် သက္ကရာဇ်တွေကို ပြန်ကြည့်လိုက်ရင် အခက်အခဲပေါင်း များစွာကို ဒုန်းစိုင်းလာခဲ့ပြီး ဒီလိုအချိန်ထိတောင် ဖြန်သန်းလာခဲ့ပြီးပြီပဲ။ ငယ်ငယ်က စာထဲဖတ်ဖူးသလို ရန်အပေါင်းကင်းစင်လို့ ရန်ကုန်လို့ ခေါ်တွင်ခဲ့တာဆိုတဲ့ စကားလေးတောင် သွားသတိရမိနေသေးတယ်။

ပြည့်ဘုန်းအောင်(ဘူကင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013