DVB Logo
Home
မြန်မာသတင်း
WHO ကားပစ်ခတ်ခံရမှု စုံစမ်းရေးကော်မတီ ဖွဲ့စည်း
DVB
·
April 29, 2020
WHO ကားပစ်ခတ်ခံရမှု စုံစမ်းရေးကော်မတီ ဖွဲ့စည်း
Donate to DVB

ရခိုင်ပြည်နယ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မော်တော်ကား ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။

ကော်မတီကို ပြည်သူ့လွှတ်တော် နိုင်ငံသားများရဲ့ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ  ဦးစောကိုက ခေါင်းဆောင်အဖြစ် တာဝန်ယူမှာ ဖြစ်ပြီး အတွင်းရေးမှူးအဖြစ်  သမ္မတရုံးက  ဗိုလ်မှူးကြီးထိန်လင်းကို တာဝန်ပေးထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအကြီးတန်းအကြံပေး (အငြိမ်းစား) ဒေါက်တာစုစုသာထွန်းနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ရောချထားရေးဝန်ကြီးဌာန ညွှန်မှူး ဒေါက်တာအောင်သူရိန်တို့ကတော့ အဖွဲ့ဝင် အဖြစ်ပါဝင်ဖွဲ့စည်းထားပါတယ်။  

ဒီကော်မတီဟာ ဖြစ်စဉ်နေရာကိုသွားရောက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးတာ၊ မျက်မြင်သက်သေ အထောက်အထားတွေရှာဖွေစုံစမ်းပြီး ထွက်ဆိုချက်တွေရယူတာ၊ စုံစမ်းမှုမှန်ကန်ပြည့်စုံစေဖို့အတွက် မှုခင်းကျွမ်းကျင်သူ စစ်လက်နက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ ထင်မြင်ယူဆချက် သဘောထားကိုရယူတာ၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ဆောင်ရွက်တာ စတာတွေပါဝင်ပါတယ်။

ကော်မတီ အဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင်ချိန်မှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်တွေကို သမ္မတရုံးနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က စီမံဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ရာမှာ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ တို့နဲ့အညီ စုံစမ်းစစ်ဆေးနိုင်တဲ့အပြင် တပ်မတော် ၊ ရဲတပ်ဖွဲ့ ၊ ထွေအုပ်အရာရှိတွေအပါအဝင် လိုအပ်တဲ့ လူပုဂ္ဂိုလ်တွေကို ခေါ်ယူမေးမြန်းခွင့်ရှိကြောင်း ဆိုထားပါတယ်။  ကော်မရှင်ရဲ့သက်တမ်းကတော့ သမ္မတ ဆီကို အစီရင်ခံစာတင်သွင်းပြီးချိန်ထိဖြစ်ပါတယ်။

ဧပြီ ၂၀ ရက် ညနေက  ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီးမှာ COVID-19 ဓာတ်ခွဲနမူနာတွေသယ်လာတဲ့ UN တံဆိပ်ပါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မော်တော်ယာဉ် ပစ်ခတ်ခံရပြီး ဝန်ထမ်း ကျန်းမာရေးကြီးကြပ်သူ ဦးအောင်မျိုးဦးနဲ့ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင်တို့ ဒဏ်ရာရခဲ့တာပါ။ သူတို့နှစ်ဦးကို မင်းပြားဆေးရုံကို ပို့ဆောင်ကုသပေးနေစဉ်  ဦးပြည့်စုံဝင်းမောင်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက်  ဧပြီလ ၂၁ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှုကို အေအေအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးကရော တပ်မတော်ကပါ သတင်းထုတ်ပြန်ထားပါတယ်။ အေအေဘက်ကတော့ သူတို့ လက်ချက်မဟုတ်ဘဲ တံတားလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဂိတ်က လက်နက်ငယ်နဲ့ပစ်တာလို့ ငြင်းဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတော့   ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းနဲ့  ဒီပစ်ခတ်မှုကို ပြည့်ပြည့်စုံစုံနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူဖို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013