
ချောက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းက ဆရာ၊ ဆရာမတွေ တီထွင်ထားတဲ့ စမတ်ဖုန်းနဲ့ ထိန်းချုပ်အသုံးပြုရတဲ့ တွန်းလှည်း ထရော်လီတခုကို ဧပြီ ၂၈ ရက်မနက်က အမှတ် ၁ အထက်တန်းကျောင်း Facility Quarantine စင်တာအတွက် လှူဒါန်းပေးအပ်ခဲ့ပါတယ်။
ထမင်း၊ ရေသန့်ဘူးနဲ့ ဆေးဝါးပစ္စည်းတို့ကို စမတ်ဖုန်းနဲ့ ထိန်းချုပ် အလိုအလျောက်မောင်းတဲ့ တွန်းလှည်းပေါ် တင်ပေးပြီး အဝေးကနေ လှမ်းပို့ဆောင်ခြင်းဖြင့် Quarantine ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ထိတွေ့မှု နည်းနိုင်သမျှ နည်းသွားအောင် ရည်ရွယ်ပြီး လှူဒါန်းပေးအပ်ရတာလို့ ချောက်မြို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ဦးအောင်သိန်းစိုး က ပြောပါတယ်။
“ကျနော်တို့ ဦးစီးဌာနက လမ်းညွှန်ထားတဲ့အတွက် ဦးစီးဌာနက လမ်းညွှန်ထားတဲ့ Quarantine ရှိတဲ့ နေရာတွေကို နည်းပညာအကူအညီနဲ့ ပြုလုပ် လှူဒါန်းဖို့ ရည်ရွယ်ခဲ့တာပါ။" လို့ ကျောင်းအုပ်ဆရာကြီး က ပြောပါတယ်။
အဆိုပါ ကျောင်းမှ ဆရာ၊ ဆရာမတွေစုပေါင်းပြီး တီထွင်ထားတဲ့ Control ထရော်လီဟာ ဖုန်း(Application) အက်ပီကေးရှင်းမှ Bluetooth စနစ်နဲ့ ထိန်းချုပ်နိုင်ဖို့ ဖန်တီးထားတာပါ။
အလျား ၃ ပေ၊ အနံ ၂ ပေခန့်နဲ့ အမြင့် ၃ ပေရှိတဲ့ Control ထရော်လီမှာ မော်တာ ၄ လုံးတပ်ဆင်ထားပြီး ၊ 12V ဘက်ထရီနဲ့ အားသွင်းကိရိယာထည့်ထားပြီး အကွာအဝေး ပေ ၂၀၀ ခန့်အထိ အလိုအလျောက် ရှေ့တိုး နောက်ဆုတ်နဲ့ ကွေ့နိုင်ပါတယ်။
တန်ဖိုးငွေ ကျပ် ၃ သိန်းလောက်ကုန်ကြပြီး တခြားဒေသတွေမှာ လိုအပ်ပါကလည်း ပစ္စည်းဖိုးပေးပြီး တပ်ဆင်ခ အခမဲ့နဲ့ ကူညီပေးသွားမယ်လို့သိရပါတယ်။ ပထမဆုံး စမ်းသပ်ပြုလုပ်ထားတာဖြစ်လို့ လိုအပ်တွေရှိပါက အကြံဉာဏ်ပေးစေလို ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။
အဆိုပါ Control ထရော်လီကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်သိန်းစိုးက ပေးအပ်လှူဒါန်းပြီး ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက လက်ခံခဲ့ကြပါတယ်။
ချောက်မြို့ အမှတ် ၁ အထက်တန်းကျောင်း Facility Quarantine Centre မှာ လွှတ်တော်အမတ် ၁ ဦးအပါအဝင် ၂၂ ဦးကို အသွားအလာကန့်သတ်စောင့်ကြည့်ထားပါတယ်။
သတင်း- ကိုလင်း(ချောက်)











