တာချီလိတ်တွင် သင်္ကြန်ပါတီပွဲကျင်းပသူများကို ဒဏ်ငွေ ကျပ် ၅၀၀၀ အမိန့်ချ
DVB
·
April 28, 2020
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့က Mr.Crush Bar မှာ စည်းကမ်းဖောက်ဖျက်ပြီး သင်္ကြန်ပါတီပွဲကျင်းပခဲ့သူတချို့ကို ဒဏ်ငွေပြစ်ဒဏ် ကျပ် ၅၀၀၀ အမိန့်ချခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်းမှာ ထိုင်းနိုင်ငံသားတွေပါဝင်တဲ့ Mr. Crush Bar ဆိုင်မှာ လူစုလူဝေးနဲ့ ပါတီပွဲကျင်းပနေတာကို လူမှုကွန်ရက်မှာ Live လွှင့်ခဲ့ပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ညွှန်ကြားချက်နဲ့ ဖမ်းဆီးအရေးယူခဲ့တာပါ။
တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူးကျော်ထွန်းနိုင်က” ပါတီထဲက လူ ၉ ယောက်ကို ဒဏ်ငွေကျပ် ၅၀၀၀ နဲ့ တရားသူကြီးက အမိန့်ချခဲ့ပါတယ်။ ပါတီမှာပါတဲ့သူ အကုန်လုံးက ၁၂ ယောက်ပါ ကျန်တဲ့ တချို့က အသက်မပြည့်သေးတဲ့ ကလေးတွေဖြစ်တော့ နောက်မလုပ်အောင် နှုတ်နဲ့ပြောဆိုဆုံးမပြီး လွှတ်ပေးခဲ့တာပါ။”လို့ ပြောပါတယ်။
ပါတီမှာ ပါဝင်တာ ထိုင်းနိုင်ငံသားတွေနဲ့ လူငယ်တချို့ဖြစ်ပြီး သင်္ကြန်အကျနေ့မှာ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး ပါတီကျင်းပခဲ့တာကြောင့် သဘာဝဘေး အန္တရာယ်တားဆီး ကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀(က)အရ ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တာဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ Live လွှင့်ခဲ့တဲ့ ရဲတပ်သားကိုတော့ ရဲစည်းကမ်းဥပဒေနဲ့ရော အရပ်ဘက်ဥပဒေနဲ့ပါ အမှုဖွင့်ထားပါတယ်။
ထိုင်းနိုင်ငံသား ၂ ဦးနဲ့ ထိုင်းနိုင်ငံသူ ၂ ဦးကိုတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ဆက်လက် အရေးယူထားပြီး ကျန်တဲ့သူတွေကို ငွေဒဏ်ချမှတ်လိုက်တာပါ။
တာချီလိတ်ဒေသခံတွေကတော့ ညဘက်မထွက်ရအမိန့်ဖောက်ဖျက်သူတွေကို ထောင်ဒဏ် ၃ လအမိန့်ချမှတ်ခဲ့ပြီး ပါတီပွဲကျင်းပသူတွေကိုတော့ ငွေဒဏ်သာချမှတ်ခဲ့တဲ့အတွက် မြို့ခံတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။
သတင်း- ကိုဇက်