DVB Logo
Home
Lead Story
သင့်ကြောင့် သူတပါးကို မထိခိုက်ပါစေနဲ့
DVB
·
April 28, 2020
သင့်ကြောင့် သူတပါးကို မထိခိုက်ပါစေနဲ့
Donate to DVB

‘ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး’ဟာ ‘မာတီလယ်ဗယ်မတ်ကပ်တင်း’လိုပဲ။ တယောက်ကနေစပြီး ဆယ်ယောက်။ ဆယ်ယောက်စပြီး တစ်ရာ ဆင့်ပွားသွားတတ်တာကလား။ တချို့ကတော့ ‘ဒိုမီနိုသီအိုရီလိုပဲ’ တဲ့။ ဘိလိယက်ထိုးသလိုမျိုးလို့လည်း ဆိုကြတယ်။ တခု ထိရင် အကုန်ထိသလိုပေါ့။ သိပ်ကြောက်ဖို့ကောင်းတယ်။ ဒါကြောင့်လည်း ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ဖို့ တဦးချင်း စောင့်ထိန်းမှုဟာ အလွန်အရေးပါတယ်လို့ ဆိုကြတာပါ။ 

တဦးချင်းစောင့်ထိန်းမှု မရှိရင်တော့ ‘တယောက်ကစ တစ်ရာ’ ဆိုသလို ဖြစ်နေဦးမှာပဲ။ အခုရောဂါကူးစက်မှုမှာ ပိုဆိုးတာက ဒီရောဂါပိုးဟာ တမြည့်မြည့်ချင်း တစိမ့်စိမ့်ကူးစက်နေတာပဲ။ အခုချိန်ထိ ဘယ်ပညာရှင်ကမှ ပိုင်ပိုင်နိုင်နိုင် မပြောနိုင်သေးဘူး။ ပျောက်ကင်းပြီလို့ ယူဆပြီး သတ်မှတ်ထားသူတွေတောင် ရောဂါပြန်တွေ့နေတယ်ဆိုတော့ အကင်းမသေသေးတဲ့သဘောပဲလေ။ တချို့နိုင်ငံတွေဆိုရင် ရောဂါဖြစ်ပွားမှုလှိုင်းဟာ ပထမလှိုင်းပြီးလို့ ဒုတိယလှိုင်း အဆင့်တောင် ရောက်နေတယ်။ တချို့နိုင်ငံတွေဆိုရင် တတိယလှိုင်းလို့တောင် ပြောနေကြတယ်။ နာတာရှည်ရောဂါလို့တောင် သမုတ်ရတော့မလိုလိုပါပဲ။ 

ကောက်ရိုးမီးလို ‘ဟုန်းခနဲ’တောက်ပြီး ပြီးသွားတတ်တာမျိုး မဟုတ်ဘူး။ ခက်တာက ကျနော်တို့တတွေကလည်း ကောက်ရိုးမီးလို စိတ်အတက်အကျမြန်လွန်းတယ်။ စည်းကမ်းမဲ့မှုနဲ့ နာခံမှုကလည်း အားနည်းခဲ့ပေသကိုး။ ဒီတော့လည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိပ်တိုက်တိုးမှာကိုပဲ စိုးရိမ်စရာ ဖြစ်လာတယ်။ အစိုးရရဲ့ လုပ်ဆောင်မှုတခုတည်းနဲ့တော့ မလုံလောက်တာ အမှန်ပါ။ သင့်လျော်အောင် ချမှတ်ထားတဲ့ အစိုးရရဲ့ သတ်မှတ်ချက်တွေ အကြံပြုချက်တွေကို တဦးချင်း လိုက်နာကြဖို့ဟာလည်း လူထုဘက်က တာဝန်တရပ်လို ဖြစ်လာခဲ့ပါတယ်။ ဒါကို တိကျစွာ မလိုက်နာရင်တော့ ကိုယ်ကတဆင့် ကိုယ့်မိသားစု၊ ကိုယ့်မိသားစုကတဆင့် ကိုယ်ပတ်ဝန်းကျင်တို့ဆီ ပျံ့နှံ့သွားမှာပါ။

အဲဒီလို ကူးစက်လာပြီဆိုတာနဲ့ ကိုဗစ်-၁၉ ကပ်ဟာ ရေတိုမဟုတ်တော့ဘဲ ရေရှည်ဖြစ်သွားပါပြီ။ နမူနာအနေနဲ့ ပြရရင် တရားဟောစင်တာတခုကနေ ဓမ္မမိတ်ဆွေတွေကို ကူးစက်ပြီး သူကမှတဆင့် လူအများဆီ ကူးစက်သွားတဲ့ အတွေ့အကြုံကို သတိမူစေချင်တယ်။ ရေရှည်ဖြစ်လာခဲ့ရင် လူမှုစီးပွားပြဿနာဖြစ်တဲ့ စီးပွားပျက်ကပ်ကို မလွဲမသွေ ကြုံကြရမှာပါ။ မကြုံစေဖို့အတွက် စက်ရုံ အလုပ်ရုံတွေကို ဖွင့်ပေးကြရမှာပါ။ ဒီအတွက် စနစ်ကျတဲ့အစီအမံလုပ်ဖို့ လိုမှာပါ။ စက်ရုံ အလုပ်ရုံမှ မဟုတ်ပါဘူး။ အစိုးရရုံးတွေ၊ ကုမ္ပဏီရုံးတွေ၊ အခြားသော ပုဂ္ဂလိကရုံးတွေအတွက်လည်း စနစ်ကျတဲ့အစီအမံတခု လိုပါတယ်။

စနစ်တကျအစီအမံအတွက်ဆိုရင်…တ ဦးချင်းရဲ့တာဝန်နဲ့ အလုပ်ရှင်၊ သို့မဟုတ် အလုပ်တာဝန်ရှိသူ အကြီးအကဲ နှစ်ဖက်စလုံး လိုက်နာလုပ်ဆောင်သင့်တာတွေ ရှိပါတယ်။ အလုပ်သမားဘက်ကလည်း အလုပ်သမားတဦးချင်းရဲ့ တကိုယ်ရေအကာကွယ်အတွက် လက်အိတ်၊ နှာခေါင်းစည်း၊ လက်ဆေးခြင်းတို့ကို လိုက်နာလုပ်ဆောင်ပေးကြရမှာပါ။ အလုပ်ရှင်နဲ့ တာဝန်ရှိသူတွေဘက်ကလည်း အဆိုပါအကာအကွယ် လုပ်ဆောင်ရာ အသုံးအဆောင်နဲ့ လိုအပ်ပစ္စည်းတွေကို အထောက်အပံ့ပေးကြဖို့လည်း လိုအပ်မှာဖြစ်သလို အစီအမံတခု လုပ်ပေးကြရမှာပါ။

မမေ့မလျော့ ပိုအရေးကြီးတာကတော့ အလုပ်သမား၊ ရုံးသူရုံးသားတို့ရဲ့ နေအိမ်ကနေ အလုပ်ဌာနရှိရာဆီ သွားလာရာမှာ ရုံးဌာနအသီးသီးက ဖယ်ရီကားတွေ စီစဉ်ပေးဖို့ပါ။ ဘတ်စ်ကားနဲ့သွားခြင်းဟာ ရောဂါကူးစက်ခြင်း ကင်းဝေးရေးကို အာမမခံနိုင်ပါဘူး။ အများပြည်သူ သယ်ယူပို့ဆောင်ရေး(Public Transportation)တွေဟာ လူအပြည့်နဲ့ သွားလာနေကြတဲ့အတွက် သုံးပေအကွာမှာ စီးပြီး သွားလာဖို့ခက်ပါတယ်။ ဒီလို အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်တွေကနေ အချိန်မရွေး ကူးစက်နိုင်ခြေ ရှိနေတာကြောင့် ရုံးတွေ၊ စက်ရုံတွေ၊ အလုပ်ဌာနတွေရဲ့ တာဝန်ရှိသူတွေအနေနဲ့ ချောင်ချောင်ချိချိ သွားလာနိုင်မယ့် ဖယ်ရီတွေ စီစဉ်ပေးဖို့လိုပါတယ်။ ဒီလို စီမံမပေးနိုင်တဲ့ အလုပ်ဌာနတွေကိုတော့ ဖွင့်ဖို့ခွင့်မပြုသင့်ဘူးလို့ ထင်ပါတယ်။

အလုပ်ဌာန ရောက်တဲ့အချိန်မှာလည်း အလုပ်စားပွဲအသီးသီးဟာ အနည်းဆုံး ခြောက်ပေအကွာမှာ စီစဉ်ပေးနိုင်ဖို့လိုပါတယ်။ တချို့ကိုလည်း မဖြစ်မနေ အလှည့်ကျစနစ်နဲ့ ရုံးတက် ရုံးဆင်းကြဖို့ လိုအပ်ရင် စီစဉ်ပေးကြရမှာပါ။ ဆက်တိုက် အလုပ်မဆင်းစေဘဲ အနားပေးခြင်းကိုလည်း တင်းတင်းကျပ်ကျပ် လိုက်နာလုပ်ဆောင်ပေးဖို့လည်း လိုမှာပါ။ တချို့ အိမ်ကနေ လုပ်လို့ရတဲ့ လုပ်ငန်းတွေမှာဆိုရင်လည်း အသေအချာခွင့်ပြုပြီး စေခိုင်းသင့်ပါတယ်။

ဘယ်လိုပဲ စဉ်းစားစဉ်းစား  ကိုဗစ်-၁၉ ရဲ့လှိုင်းဟာ ငြိမ်သက်သွားလိမ့်ဦးမယ်လို့ မဆိုနိုင်တာကို တွေ့ရတယ်။ စက်ရုံ အလုပ်ရုံတွေလို အလုပ်သမားအစုအဝေးနဲ့ လုပ်ရတဲ့ နေရာတွေမှာတော့ တယောက်ထိပြီဆိုတာနဲ့ အကုန်မထိရင်တောင် အလုပ်လည်ပတ်မှု ရပ်ဆိုင်းသွားမှာပါ။ လုပ်ငန်းရပ်ဆိုင်းလိုက်ရတာနဲ့တပြိုင်တည်း စက်ရုံ လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေသာမက  နိုင်ငံတော်အတွက်လည်း ဆုံးရှုံးမှုဖြစ်စေတာပါပဲ။ အလုပ်သမား အင်အား ၈၀၀၀ လောက်ရှိတဲ့ ချန်းရိဖိနပ်စက်ရုံမျိုးဆိုရင် အလုပ်သမားတွေ အလုပ်မဆင်းရတဲ့အပြင် တချို့ကွာရင်တင်း ဝင်ကြရမှာ။ သူတို့ထံကနေ မိသားစုဆီ ကူးစက်ခဲ့ရင် မတွေးရဲစရာ။ 

ဒါကြောင့် ကျန်းမာရေးအသိ၊ သတိနဲ့ ညွှန်ကြားချက်တွေကို နာခံရင်း ကိုယ့်လုံခြုံမှုကို ကိုယ်တိုင် ကာကွယ်နိုင်ကြဖို့ဟာ လိုအပ်လှပါတယ်။ “သင့်ကြောင့် သူတပါးကို မထိခိုက်ပါစေနဲ့” ဆိုတဲ့ ဆောင်ပုဒ်ကို တဦးချင်းက ဆုပ်ကိုင်ကျင့်သုံးရင်း အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဇော်ဌေး 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013