
နီပေါနိုင်ငံ တိဘက်နယ်စပ်မှာ သြဂုတ် ၂၆ ရက် မနက် ၉ နာရီ ခေါင်းလောင်းထိုးပြီး မကြာမီ နောက်ဆုံးမိနစ် ရေကြီးမှု သတိပေးချက်က ထရီဘူဗန် ထရီရှူလီ အလယ်တန်းကျောင်းက ကျောင်းသား အယောက် ၁,၅၀၀ ကျော် ကို ကယ်ဆယ်နိုင်လိုက်ပါတယ်။
ကျောင်းအုပ်ကြီး ရာဂျန်ဒရာဒါဝါဒီက ကျောင်းအဆောက်အအုံထဲမှာ ရှိနေတုန်း သူ့စာရင်းကိုင်က ရေကြီးလာတော့မယ်လို့ အော်ဟစ်နေချိန်မှာ ကျောင်းသားရာပေါင်းများစွာရဲ့ အသက်ကို ကယ်ဖို့ မိနစ်ပိုင်းသာ အချိန်ရှိနိုင်တယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။
“ကျနော်တို့ အတန်းတွေကို ချက်ချင်းရပ်ပြီး ခေါင်းလောင်းထိုးခဲ့တယ်”လို့ ဒါဝါဒီက ရိုက်တာ သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဆရာ၊ ဆရာမတွေက ဆွေမျိုးတွေဆီက ထိတ်လန့်တကြား ဖုန်းခေါ်တာတွေကို လက်ခံရရှိချိန်မှာ ရွှံ့ရေလှိုင်းကြီးက အထက်ပိုင်းချိုင့်ဝှမ်းကို ဖြတ်သန်းနေပြီး ရေလမ်းကြောင်းပေါ်က ဘယ်အရာကို မဆို တိုက်စားရင်း မြို့တမြို့လုံးကို ပြားချပ်စေခဲ့ပါတယ်။
လူ ၉,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ ၂၀၁၅ ခုနှစ် နီပေါငလျင်လှုပ်ခတ်မှုအပြီးမှာ တည်ဆောက်ခဲ့တဲ့ ကျောင်းဟာ ထရီရှူလီမြစ်နဲ့ ရေအားလျှပ်စစ်တူးမြောင်းကြားမှာညပ်နေတဲ့ ကျွန်းဆွယ်တခုပေါ်မှာ ရှိနေတာပါ။
ပျက်စီးမှုလမ်းကြောင်းရဲ့ အလယ်မှာ ရှိနေတာလည်း ဖြစ်ပါတယ်။ ကျောင်းသား ၁,၅၀၀ ကျော်နဲ့ ဆရာ၊ ဆရာမ အယောက် ၆၀ လောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဒါဝါဒီနဲ့ ကျောင်းက တခြားဆရာ၊ ဆရာမတွေက ပြောပါတယ်။
ကျောင်းဆီ ဦးတည်နေတဲ့ ဘတ်စ်ကားတွေကို ပိုလုံခြုံတဲ့နေရာဆီ ဦးတည်ဖို့ ညွှန်ကြားခဲ့ပြီး ကျောင်းကနေ အမြန်ထွက်ခွာသွားခဲ့တယ်လို့ ကျောင်းအုပ်ကြီးက ဆက်ပြောပါတယ်။
နောက်ဆုံးဘတ်စ်ကားက မြစ်ကမ်းဘေးက တံတားတစင်းကို ဖြတ်ကျော်သွားပြီး ၁၄ မိနစ် အကြာမှာ ရေတံတိုင်းက လူဦးရေ ၆၀,၀၀၀ ရှိတဲ့ မြို့ကို ဖြတ်စီးခဲ့ပါတယ်။
နီပေါနိုင်ငံမှာ ရေဘေးသင့်ဒေသတွေကနေ လူပေါင်း ၁၁,၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂၂,၀၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေလွှတ်ထား တယ်လို့ အရာရှိတွေက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
တနင်္လာနေ့အထိ ရထားတဲ့ စာရင်းအရ ရေဘေးသင့် သေဆုံးသူဦးရေမှာ ၉၃၉ ယောက်ရှိပြီး လူ ၄,၀၀၀ လောက် ပျောက်ဆုံးနေဆဲပါ။
ရဟတ်ယာဉ် ၁၆ စင်းထက်မနည်းကိုလည်း ရေဘေးသင့်ဒေသတွေမှာ တာဝန် ချထားခဲ့ပြီး အစိုးရက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ အမျိုးသားသဘာဝ ဘေးအန္တရာယ်လျှော့ချရေးနဲ့ စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှန်တီ မာဟတ်က ပြောပါတယ်။
Source:Reuters










