DVB Logo
Home
မြန်မာသတင်း
ဇီးကုန်းမြို့ Quarantine Center တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
April 26, 2020
ဇီးကုန်းမြို့ Quarantine Center တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့၊ ရန်နိုင်အေးရပ်ကွက်ရှိ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းက Community Base Quarantine Center မှာ ၂၁ ရက်စောင့်ကြည့်နေတဲ့ ရပ်ဝေးပြန်လူငယ်တဦးထံကနေ ဧပြီ ၂၅ ရက်နေ့က မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

ဇီးကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးသိမ်းဦး ဦးဆောင်တဲ့အဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ် ကျောင်းအိမ်သာအနီး မသင်္ကာဖွယ်လူတဦးကို တွေ့ရှိလို့ စစ်ဆေးမေးမြန်းရာကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာပါ။

ကန့်ဘလူမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်းက “ကျနော်လည်း တခြားဒေသကို ရောက်နေတယ်။ သတင်းကြားလို့ သက်ဆိုင်ရာကို မေးကြည့်တော့ ဟုတ်တယ်ပေါ့။ များတော့ မများဘူး။ သုံးစွဲတာပေါ့။ သုံးစွဲသူကော ဖြန့်ဖြူးရောင်းချသူကော ဖမ်းဆီးပြီး ဥပဒေနဲ့အညီ သက်ဆိုင်ရာက ဆောင်ရွက်နေကြပါတယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးတွေကို Quarantine Center မှာ ၂၁ ရက်စောင့်ကြည့်နေတဲ့ ဇွဲမာန်ဦး(ခ)ဖိုးလပြည့် (၂၄-နှစ်) ဆီကနေ ပင်နယ်ဆလင်ပုလင်းအတွင်း မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အမှုန့် အလေးချိန် ၀.၀၂ ဂရမ်နဲ့ Gas မီးခြစ်တစ်လုံးတို့ ရှာဖွေတွေ့ရှိခဲ့တာပါ။ 

သက်ဆိုင်ရာရဲ့ ဆက်စပ်ဖော်ထုတ်ချက်တွေအရ ဒီပစ္စည်းတွေကို ဇီးကုန်းမြို့၊ အောင်သိဒ္ဓိရပ်ကွက်နေ ဇော်နိုင်ထွန်း(ခ)တရုတ်ကြီး (၂၃-နှစ်) ဆိုသူက လာရောက်ပေးပို့ခဲ့တာလို့ သိရှိရတဲ့အတွက် ဆက်လက်ရှာဖွေရာစစ်ဆေးရာ တရပ်ကွက်တည်းနေ အာကာမြင့် (၂၁-နှစ်) ထံကနေ ၃၀၀၀ ကျပ်နဲ့ ဝယ်ယူပြီး ပေးပို့ခဲ့တာလို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ 

အခုလို စောင့်ကြည့်ရေးစခန်းတွေမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့အပေါ်မှာတော့ တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီနဲ့ ညှိနှိုင်းပေါင်းစပ်ကာ လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း လူမှုရေးဝန်ကြီးက ပြောဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိ ဖြန့်ဖြူးသူတွေဖြစ်တဲ့ ဖိုးလပြည့်(ခ)ဇွဲမာန်ဦး၊ ဇော်နိုင်ထွန်း(ခ)တရုတ်ကြီးနဲ့ အာကာမြင့်တို့ကို ဇီးကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းက မူး/စိတ်ပုဒ်မ ၁၆(ဂ) အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013