DVB Logo
Home
မြန်မာသတင်း
အစိုးရ အထောက်အပံ့မရသူများကို လွိုင်ကော်ပရဟိတအဖွဲ့များက အခြေခံစားကုန်များ ပေးဝေ
DVB
·
April 26, 2020
အစိုးရ အထောက်အပံ့မရသူများကို လွိုင်ကော်ပရဟိတအဖွဲ့များက အခြေခံစားကုန်များ ပေးဝေ
1 / 2
Donate to DVB

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ ဆင်းရဲနွမ်းပါး အိမ်ထောင်စုတွေအတွက်  အလှူရှင်တွေ စုပေါင်းလှူဒါန်းထားတဲ့ စားသောက်ဖွယ်ရာတွေကို ဒီကနေ့ အိမ်တိုင်ရာရောက် လိုက်လံပေးဝေနေပါတယ်။

လွိုင်ကော်မြို့ရှိ ဝစ္စကုဋီပရဟိတအသင်းနဲ့ ဖေးကူလက်များ(ကယား) ပရဟိတအသင်းတို့ ပူးပေါင်းမတည်လှူဒါန်းထားတဲ့ ပစ္စည်းတွေကို ဒီကနေ့ လွိုင်ကော်မြို့ပေါ် ၁၃ ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါးသူတွေကို လိုက်လံပေးဝေနေတာပါ။

ဒီလိုပေးဝေရာမှာ အစိုးရရဲ့ အခြေခံစားသောက်ကုန် အထောက်အပံ့ မရရှိတဲ့သူတွေကို အဓိကပေးဝေတာလို့ ဝစ္စကုဋီပရဟိတအသင်းမှ  ကိုဇော်ထက်က ပြောပါတယ်။

“ကျနော်တို့ နိုင်ငံတော်အစိုးရကလည်း ဒီ COVID-19 ကာလ၊ ဆန်တွေ ဆီတွေ ဖြန့်ဝေပေးတာ ရှိတယ်။ ကျနော်တို့ အဓိက ထားတာကတော့ အစိုးရက ပေးတာ မရတဲ့အဖွဲ့တွေကို ကျနော်တို့က ဦးစားပေးပြီး ပေးမှာဗျာ။ ကျနော်တို့ကိုယ်တိုင်ကလည်း ရပ်ကွက်ထဲမှာ လှည့်နေတာ ဖြစ်တဲ့အတွက် ရပ်ကွက်ထဲမှာ တကယ်အဆင်မပြေတဲ့လူတွေ ကျနော်တို့ တွေ့ရတယ်။ အဲဒီအိမ်တွေကို အိမ်တိုင်ရာရောက် ကျနော်တို့ လိုက်ဖြန့်ပေးတာဗျာ။”

လိုက်လံပေးဝေတဲ့ အခြေခံအစားသောက်တွေကတော့ အိမ်ထောင်စုတခုကို ဆန် ၃ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ မာမားခေါက်ဆွဲ ၂ ထုပ်၊ ဆား ၁ ထုပ်၊ ကုလားပဲ၊  ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးတွေ ပါဝင်ပါတယ်။

မြို့ပေါ် ၁၃ ရပ်ကွက်က ဆင်းရဲနွမ်းပါး အိမ်ထောင်စု ၆၀၀ လှူဒါန်းသွားမယ်လို့လည်း ကိုဇော်ထက်က ပြောပါတယ်။ 

ဒီလိုလုပ်ဆောင်ရာမှာ အစိုးရဘက်က လိုက်လံကောက်ယူတဲ့စာရင်းအရ သူတို့ ကျန်ရှိနေတာကြောင့် ထပ်မံဖြည့်ဆည်းပေးတဲ့သဘောနဲ့ အခုလို ပရဟိတအဖွဲ့တွေက လုပ်ဆောင်တာလို့ ဆိုပါတယ်။

ဖေးကူလက်များပရဟိတအသင်း(ကယား)က အဖွဲ့ဝင် မူရိုစလင်းကတော့ အခု ပရဟိတအဖွဲ့က လိုက်လံဝေပေးတဲ့ အိမ်ထောင်စုတွေဟာ များသောအားဖြင့် ရပ်ကွက်အတွင်းမှာ သူတို့ရဲ့ အိမ်ထောင်စုစာရင်းတွေ မရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ကျမတို့ လှူလိုက်တဲ့အိမ်တိုင်းက မေးလိုက်လို့ရှိရင် အဆင်မပြေဘူးပေါ့နော်။ အစိုးရ ပေးတုန်းကလည်း မရတဲ့သူတွေပဲ များတာပေါ့နော်။ သူတို့လည်း အိမ်ထောင်စုစာရင်းမရှိ၊ သူတို့ အခက်အခဲနဲ့သူတို့ဆိုတော့ ကျမတို့ သွားပေးတော့ သူတို့ပျော်တာတွေ ဝမ်းသာတာတွေရှိတော့ ကျမတို့လည်း ဝမ်းသာပါတယ်။ ဒီလို ထိထိရောက်ရောက်လှူနိုင်အောင်လည်း ကျမတို့ ရပ်ကွက်ထဲမှာရှိတဲ့ အများအကျိုးအတွက် လုပ်နေတဲ့လူတွေကို အောက်ခြေအထိ လိုက်ဆင်းပေးနိုင်တဲ့လူတွေကို ကျမတို့က အကူညီတောင်းပြီးတော့ လိုက်လှူပေးတာပေါ့။

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာ နေထိုင်ပြီး ပန်းချီဆိုင်းဘုတ်လုပ်ငန်း လုပ်ဆောင်နေတဲ့ ကိုဇော်ထွေးကတော့ သူ ဒီရပ်ကွက်မှာ နေထိုင်လာတာ ၃ နှစ်ခန့်ရှိပြီဖြစ်ပေမယ့် ရပ်ကွက်အတွင်း အိမ်ထောင်စုစာရင်းမရှိတဲ့အတွက် အစိုးရအကူညီတဲ့ အထောက်အပံ့မရရှိပါဘူး။

ခေတ်ရဲ့ပြောင်းလဲမှုအရ  ပန်ချီဆိုင်းဘုတ်လုပ်တာ မရှိတော့တဲ့အတွက် စားဝတ်နေရေး ခက်ခဲရသလို COVID-19 ရောဂါကြောင့် ပိုပြီးအလုပ်မတွင်တော့တဲ့အတွက် အခက်အခဲ ဖြစ်ရတယ်လို့ ပြောပါတယ်။

အခက်အခဲ လောလောဆယ်က အပြင်မထွက်ရဘူး၊ အိမ်မှာပဲ နေနေတယ်။ အိမ်မှာပဲနေ တော့ စားဝတ်နေရေးတော့ အခက်အခဲရှိတယ်။ ပန်းချီကလည်း အခုလောလောဆယ် သူက ခေတ်သိပ်မရှိတော့ဘူးလေ။ ဗီနိုင်းခေတ်ဆိုတော့ အခု နားနေရပြီ။ မိန်းမကတော့ တခါတလေ ပန်းရန်လိုက်ဆင်းတာတို့၊ လယ်လိုက်ဆင်းတာတို့ အဲလိုရှိတယ်။ နေ့စား။

COVID-19 ရောဂါနဲ့ကြုံနေရတဲ့ အရေးကြီးကာလ သင်္ကြန်ရုံးပိတ်ရက်အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြက်သွန် ပစ္စည်း ၅ မျိုး အစိုးရက ဧပြီလ ၁၀ ရက်နေ့က စတင်ထောက်ပံ့ခဲ့ပါတယ်။ 

လွိုင်ကော်မြို့နယ်မှာတော့ အစိုးရဲ့ ကောက်ခံထားတဲ့ စာရင်းအရ အခြေခံလူတန်းစား အိမ်ထောင်စု ၆၈၃၁ စု ရှိပြီး ဆန်အိတ်ပေါင်း ၂၂၇၇၊ ဆီ၃၄၁၅ ပိဿာ၊ ဆား ၃၄၁၅ ပိဿာ၊  ကြက်သွန်နီ ၆၈၃၁ ပိဿာ နဲ့ ပဲ ၆၈၃၁ ပိဿာ ပေးဝေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013