Homeမြန်မာသတင်း
နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ဗီဇာအားလုံး ယာယီရပ်ဆိုင်းထားမှု မေ ၁၅ ရက်အထိ တိုးမြှင့်
နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ဗီဇာအားလုံး ယာယီရပ်ဆိုင်းထားမှု မေ ၁၅ ရက်အထိ တိုးမြှင့်
DVB
·
April 26, 2020
COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ မြန်မာနိုင်ငံလာရောက်တဲ့ နိုင်ငံခြားသားတွေအား ပြည်ဝင်ခွင့်ဗီဇာအားလုံး ယာယီရပ်ဆိုင်းထားတာကို မေ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
COVID-19 ကူးစက်ရောဂါ ပြည်ပကနေ ဝင်ရောက်လာနိုင်တာနဲ့ ကူးစက်ပြန့်ပွားတဲ့ အန္တရာယ်ကနေ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ထိရောက်တဲ့ အစီအမံတွေကို ဆက်လက်ချမှတ် ဆောင်ရွက်နိုင်ဖို့အတွက်လို့ ဧပြီ ၂၅ ရက်က ထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံကို ဆိုက်ရောက်မယ့် ခရီးသည်တင်လေကြောင်းလိုင်းတွေကိုလည်း လာမယ့် မေ ၁၅ ရက်အထိ ဆိုက်ရောက်ခွင့်မပြုဘူးလို့ လေကြောင်းညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားတွေအပေါ် ဧပြီ ၃၀ ရက်အထိ ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက်တွေ ကို ထပ်မံတိုးမြှင့်လိုက်တာပါ။
မြန်မာနိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားတွေအပေါ် ထပ်တိုးကန့်သတ်ချက်တွေ၊ ဆိုက်ရောက် ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ ထုတ်ပေးတာတွေကို ယာယီရပ်ဆိုင်းဖို့အတွက် မတ် ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ လူမှုရေးဗီဇာ အပါအဝင် ဘယ်ပြည်ဝင်ဗီဇာအမျိုးအစားကိုမဆို ယာယီရပ်ဆိုင်းတဲ့အကြောင်း မတ် ၂၈ ရက်မှာ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ အပါအဝင် မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားအားလုံးအနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိတဲ့အချိန်ကစလို့ သတ်မှတ်နေရာတွေမှာ ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခံတာနဲ့ ကိုယ့်ရဲ့နေအိမ်မှာ ၇ ရက်ကြာ သီးခြားနေထိုင်တာတို့ကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။