
ထိုင်းတစ်နိုင်ငံလုံးရှိ မြို့နယ်အုပ်ချုပ်ရေးရုံး မှတ်ပုံတင်ဌာနက မသင်္ကာဖွယ်ရာ ကလေးမွေးစာရင်းတွေ ပြန်လည်စစ်ဆေးရမယ်လို့ ထိုင်းနိုင်ငံအထွေထွေအုပ်ချုပ်ရေးရုံး ဗဟိုမှတ်ပုံတင်ဌာနက ပြောပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ တရုတ်အများစုပါတဲ့ နိုင်ငံခြားသား ကလေးတွေကို မွေးစာရင်းအတု ထုတ်ပေးနေတာ စစ်ဆေးတွေ့ရှိပြီးတဲ့နောက် အလားတူ ပြဿနာတွေဟာ အခြားနေရာဒေသတွေမှာလည်း ရှိနေနိုင်တာကြောင့် တနိုင်ငံလုံးရှိ ၈၇၈ မြို့နယ်အုပ်ချုပ်ရေးရုံး မှတ်ပုံတင်ဌာနက မသင်္ကာဖွယ်ရာ မွေးစာရင်းတွေ ပြန်လည်စစ်ဆေး အရေးယူရမယ်၊ အထူးသဖြင့် မိခင် သို့မဟုတ် ဖခင်က နိုင်ငံခြားသား ဖြစ်နေတဲ့ ကလေး၊ နိုင်ငံခြားသားတွေနဲ့ လက်ထပ်ထားသူရဲ့ ကလေးတွေကို ပြန်လည်စစ်ဆေးရမယ်လို့ ထိုင်းနိုင်ငံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗဟိုမှတ်ပုံတင်ဌာန ဒုညွှန်ချုပ် နိုင်းဝိထွန်း ဆီရိနုကွန်းက မေ ၅ ရက် ဌာနဆိုင်ရာတွေ့ဆုံပွဲမှာ ပြောပါတယ်။
ဒီမတိုင်ခင်ရှေ့က နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ မွေးစာရင်းအတု ထုတ်ပေးတာတွေ ရှိလို့ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူခဲ့တယ်။ အွန်လိုင်းလိမ်လည်မှုမှာ ပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံသား တရားခံကို စစ်ဆေးရာကနေ မွေးစာရင်းအတုကို တွေ့ရှိခဲ့တယ်၊ အဆိုပါမွေးစာရင်းတုမှာ နခွန်းရာ့ချ် ဆီမားမြို့နယ်အုပ်ချုပ်ရေးရုံး မှတ်ပုံတင်ဌာနက ထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးချက်အရ နခွန်းရာ့ချ်ဆီမားမြို့နယ်အပြင်၊ ဆီခယူး၊ ဟွေ့ထလိုင်၊ ပရထိုင်း စတဲ့ ၄ မြို့နယ်မှာလည်း တွေ့ရှိပြီး မသင်္ကာဖွယ် မွေးစာရင်း စုစုပေါင်း ၅၀ မှ ၆၆ ယောက်ထိ ရှိတယ်၊ လတ်တလော မွေးစာရင်း ၅၀ ကို ထုတ်ပယ်ထားပြီး မွေးစာရင်းပိုင်ရှင်တွေအနေနဲ့ ၁၅ ရက်အတွင်း စစ်မှန်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ လာရောက်တင်ပြရမယ်၊ သတ်မှတ်ချိန်အတွင်း လာရောက်မတင်ပြနိုင်ပါက အပြီးထုတ်ပယ်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ မှတ်ပုံတင်အတုတွေ ထုတ်ပေးရာမှာ အဓိကအကျဆုံးက နခွန်းရာ့ချ်ဆီမားမြို့နယ်ရုံးက မှတ်ပုံတင်ဦးစီးအရာရှိ ဖြစ်တယ်။ သူဟာ ၆ နှစ်တာကာလအတွင်း အဆိုပါ ၄ မြို့နယ်မှာ တာဝန်ကျခဲ့တယ်၊ ဒါကြောင့် မွေးစာရင်းအတုရဲ့ အိမ်ထောင်စုစာရင်းရွှေ့ပြောင်းမှုတွေဟာ အဆိုပါ ၄ မြို့နယ်မှာ လှည့်ပတ်နေတယ်၊ သူဟာ အဆိုပါ ၄ မြို့နယ်ရဲ့ နိုင်ငံသားမှတ်ပုံတင်စာရင်းချုပ် ဖြည့်စွက်ပြင်ဆင်ခွင့်ရှိတဲ့ လျှို့ဝှက်သင်္ကေတနံပါတ် ရထားလို့ ထင်သလို လုပ်ဆောင်နိုင်တာ ဖြစ်တယ်၊ နိုင်ငံခြားကလေးတွေကို ထိုင်းမိခင်တု/ဖခင်တု နာမည်နဲ့ အဆောက်အအုံ အမှန်တကယ်မရှိသော အိမ်လိပ်စာကို အသုံးပြုပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို မွေးစာရင်းတုထုတ်ပေးရာမှာ တဦးကို အခကြေးငွေ ဘတ် ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရရှိတယ်။ ဒါတွေဟာ နိုင်ငံတော်လုံခြုံရေး၊ အမျိုးသားလုံခြုံရေးကို ထိပါးစေတယ်လို့ ဆိုပါတယ်။
လောလောဆယ် အဆိုပါဦးစီးအရာရှိနဲ့ ကြံရာပါ အောက်ခြေဝန်ထမ်း ၃ ယောက်ကို ဖမ်းဆီးထားပြီး ကျင့်ဝတ်ဆိုင်ရာဥပဒေ၊ ရာဇဝတ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူသွားမယ်။ နောက်ထပ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားသူတွေလည်း ရှိသေးတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Source: Thai PBS / JoCho News










