မရောင်းရသည့် ထီလက်မှတ်များ ကျန်နေ၍ ဆုငွေမည်မျှပေးမည်ကို အချိန်မီထုတ်ပြန်ပေးမည်
DVB
·
April 25, 2020
ကိုဗစ်-၁၉ ရောဂါအခြေအနေတွေကြောင့် ထီကိုယ်စားလှယ်တွေက လက်မှတ်တွေ လာမထုတ်ကြတာကြောင့် ထီလက်မှတ်တွေ မြို့နယ်အခွန်ရုံးတွေမှာ ကျန်နေတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဆိုပါတယ်။
ဒါကြောင့် မရောင်းရတဲ့ ထီလက်မှတ် စာရင်းကို စိစစ်ပြီးရင် လာမယ့် ထီဖွင့်ပွဲမှာ ဆုငွေ ဘယ်လောက်ပေးမှာလဲ ဆိုတာကို အချိန်မီ ထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။
၁၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို လာမယ့် မေ ၁ ရက်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ထီလက်မှတ်ရောင်းလို့ရတဲ့ငွေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို အစိုးရကယူပြီး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုမှ ဆုငွေ အဖြစ်ပေးနေတာဖြစ်ပါတယ်။ အရင်ကတော့ ထီပေါက်ပြီး လာမထုတ်တဲ့ ဆုမဲတွေကို အစိုးရဘဏ္ဍာငွေအဖြစ် သိမ်းယူခဲ့ပြီး ပြီးခဲ့တဲ့လပိုင်းကမှ အဲဒီသိမ်းယူထားတဲ့ ငွေတွေနဲ့ တလကို ကျပ်သိန်း ၂၅၀၀ စီကို လစဉ်ဆုမဲတွေ ထပ်တိုးဖွင့်လှစ်ပေးနေတာ ဖြစ်ပါတယ်။