
ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အနေနဲ့ “ရွှေ့ပြောင်းသွားလာမှု၊ အမှတ်တရများနှင့် သဟဇာတဖြစ်မှု”လို့ အမည်ရတဲ့ အခမ်းအနားတရပ်ကို ဇွန် ၂၁ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို Myanmar Response Network နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။
ဒီအခမ်းအနားမှာတော့ ရွှေ့ပြောင်းကလေးငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ၊ မြန်မာလူငယ်တွေအကြား အသားကျနေထိုင်နိုင်မှု၊ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ထိုင်းလူမျိုးတွေရဲ့ သဘောထားအမြင်တွေနဲ့ ချင်းမိုင်လူမှုအသိုက်အဝန်းတွင်း မတူကွဲပြားမှုတွေရဲ့ အခန်းကဏ္ဍ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနောက်ပိုင်း ထိုင်းနိုင်ငံမှာ အခြေချနေထိုင်ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ပြဿနာတွေကိုပါ လွှမ်းခြုံနိုင်ဖို့အတွက် အခုနှစ် အခမ်းအနားမှာ ဒုက္ခသည်အရေးသက်သက်ထက် ပိုမိုချဲ့ထွင်ကာ အာရုံစိုက်လုပ်ဆောင်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
ပွဲစီစဉ်သူတယောက်ဖြစ်တဲ့ Pi Ae က “ထိုင်းပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ လူတွေ ဘာကြောင့် ထိုင်းကို ရွှေ့ပြောင်းလာကြသလဲ၊ သူတို့က ဘယ်လို အကျိုးပြုနေလဲဆိုတာနဲ့ ကျမတို့ ဘယ်လို အတူတကွ နေထိုင်နိုင်မလဲဆိုတာကို နားလည်စေချင်ပါတယ်၊ ချင်းမိုင်ဟာ တနိုင်ငံလုံးကို ပြသနိုင်မယ့် သဟဇာတဖြစ်မှုအတွက် စံပြနေရာတခု ဖြစ်လာနိုင်ပါတယ်" လို့ ပြောပါတယ်။
နယ်စပ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ကျောင်းသားတွေနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရောက်ရှိလာသူတွေ အပါအဝင် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား အုပ်စုအသီးသီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးပြောကြားသူတွေက မီးမောင်းထိုးပြခဲ့ကြပါတယ်။
တရားဝင်နေထိုင်ခွင့် အခြေအနေ၊ အခွင့်အရေးတွေ ရရှိနိုင်မှုနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် အဆိုးမြင်မှုတွေ ကြီးထွားလာနေတာတွေက အဓိက စိုးရိမ်စရာကိစ္စရပ်တွေအဖြစ် သတ်မှတ်ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အခမ်းအနားမှာ ထိုင်းနဲ့ မြန်မာ အစားအသောက်တွေ၊ ဂီတနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်မှုများပါဝင်ခဲ့ပြီး ဒါဟာ လူမှုအသိုက်အဝန်းတွေအကြား အပြန်အလှန် နားလည်မှု တည်ဆောက်ဖို့အတွက် အထောက်အကူပြုကြောင်း ပွဲစီစဉ်သူတွေက ဆိုပါတယ်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်ဖို့နဲ့ နားလည်မှုလွဲမှားခြင်းတွေကို ဖြေရှင်းနိုင်ဖို့ ထိုင်းနဲ့ မြန်မာ အသိုက်အဝန်းတွေအကြား ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ပြောဆိုမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာစေဖို့ကိုလည်း ပွဲစီစဉ်သူတွေက တိုက်တွန်းခဲ့ကြပါတယ်။










