Homeမြန်မာသတင်း
Quarantine ဝင် ဝန်ထမ်းများ လိုအပ်ချက်ရှိပါက ကူညီပေးမည်ဟု COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့ပြော
Quarantine ဝင် ဝန်ထမ်းများ လိုအပ်ချက်ရှိပါက ကူညီပေးမည်ဟု COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 25, 2020

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ ၁ မှာ Quarantine ဝင်ရောက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ စားသောက်ရေး အခက်အခဲရှိပါက အကူအညီပေးသွားမယ်လို့ COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့ (နေပြည်တော်) နာယက ဦးမောင်မောင်ဆွေက ပြောပါတယ်။
“ထမင်း၊ သောက်ရေ အစရှိတာတွေကို NCVT ဆီ အကူအညီလာတောင်းတဲ့ ဝန်ထမ်းမှန်သမျှကို အကူအညီပေးသွားမှာပါ။ ဝန်ထမ်းတွေကို မေးပါတယ်။ အဆင်ပြေလား၊ အဆင်မပြေဘူး ဆိုရင် ဒီလို ကပ်ရောဂါကြီးဖြစ်နေချိန်မှာ ရှက်စရာမလိုဘူး၊ ပွင့်ပွင့်လင်းလင်း ပြောခိုင်းတယ်။ လိုတဲ့ အကူအညီပေးမယ်။”
အကူအညီတောင်းခံသူတွေအနေနဲ့တော့ ဌာန နာမည်၊ Q စဝင်တဲ့နေ့၊ Q ထွက်ရမယ့်ရက်ကို NCVT ရဲ့ ပုံစံဖောင်မှာ ဖြည့်စွက်တောင်းခံနိုင်တယ်လို့ သိရပါတယ်။
ဝန်ထမ်းတွေကို ကောင်စီအဖွဲ့နဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေရဲ့ အစီအစဉ်တွေနဲ့ စားရေး သောက်ရေး စီစဉ်ထားပေမယ့် တချို့ဝန်ထမ်းတွေမှာ အဆင်မပြေတာတွေ ရှိနေတဲ့အတွက် နေပြည်တော် COVID-19 စေတနာ့ဝန်ထမ်းအဖွဲ့အနေနဲ့ Quarantine ဝင်ရောက်နေတဲ့ ဝန်ထမ်းတွေကို ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
“ဘာလို အဲ့ဒီလို လုပ်ရလဲဆိုတော့ ဌာနဆိုင်ရာအစီအစဉ်နဲ့လာတဲ့ကြားထဲက အဆင်ပြေခြင်း မပြေခြင်း ရှိမယ်။ မပြေတဲ့သူတွေကိုပဲ ရွေးပြီးကူညီချင်လို့ပါ” လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။
Quarantine ဝင်နေတဲ့ ဝန်ထမ်းတွေထဲက စားရေး သောက်ရေး အခက်အခဲရှိနေသူတွေ အကူအညီတောင်းခံလာရင် NCVT က တနေ့ကို ထမင်း ၃ နပ်နဲ့ ရေသန့် ၁ လီတာ ၂ ဘူးနှုန်း ကူညီပေးသွားမယ်လို့ သိရပါတယ်။
ဧပြီလ ၁၉ ရက်နေ့ကစပြီး ဧပြီလ ၂၃ ရက်နေ့အထိ ပြည်တွင်းပြန် ဝန်ထမ်းအရေအတွက်ဟာ ၄၆၀ ဦးရှိပြီး အကူအညီ လိုအပ်တယ်လို့ တောင်းခံလာတဲ့ ဝန်ထမ်းကတော့ အယောက် ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။