DVB Logo
Home
မြန်မာသတင်း
နေပြည်တော်အဝင်အထွက် အတားဆီးများကြောင့် တရားရုံးချုပ်ကိုလာရောက် အမှုကိစ္စဆောင်ရွက်သူများ အခက်ကြုံနေ
DVB
·
April 24, 2020
နေပြည်တော်အဝင်အထွက် အတားဆီးများကြောင့် တရားရုံးချုပ်ကိုလာရောက် အမှုကိစ္စဆောင်ရွက်သူများ အခက်ကြုံနေ
Donate to DVB

COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ဝင်ထွက်ခွင့် တားဆီးမှုတွေ ရှိနေတာကြောင့် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လာပြီးအမှုတွဲ အယူခံ/ပြင်ဆင်ချက် လာတင်တဲ့ ရှေ့နေတွေအနေနဲ့ အခက်အခဲတွေရှိနေပါတယ်။

ဝင်ခွင့်အခက်အခဲဖြစ်နေတဲ့ ရှေ့နေတွေကို နေပြည်တော်ရှိ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း(ILAM)နဲ့ ဥပဒေအထောက် အကူပြုအဖွဲ့က ရှေ့နေတွေကနေ ကိုယ်စား ကူညီဆောင်ရွက်ပေးနေတယ်လို့ ILAM ရဲ့ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ကျနော်တို့ နှစ်ခု ပေးစာလေးပို့ပြီးပြီ။ နိုင်ငံတော်သမ္မတဆီပို့တယ်၊ နောက်တခါ နိုင်ငံ အာဏာပိုင်အကုန်လုံးကို တခုပို့တယ်။ နိုင်ငံအာဏာပိုင်အကုန်လုံးကိုတော့ တရားစီရင်ရေးတင် မဟုတ်တော့ဘူးဗျ၊ ဒီအချိန်ကာလအတွင်းမှာ အပစ်အခတ်တွေ ရပ်စဲဖို့ကအစပေါ့ဗျာ။ နိုင်ငံတော် သမ္မတ ဆီကိုတော့ တရားစီရင်ရေး အခက်အခဲတွေကို သမ္မတအနေနဲ့ ဖြေရှင်းဖို့ အတွက်ပေါ့ အဲလိုပို့တာရှိတယ်။ ပြည်ထောင်စုတရားသူကြီးချုပ်ဆီကိုလည်း အကြံပြုလွှာတွေ ပို့ကြမှာပါ။ အဲအတွက် ပြင် ဆင်နေပါတယ် ” လို့ ဆိုပါတယ်။

တရားစီရင်ရေးတွေက ရပ်ထားလို့ မရသလို နိုင်ငံတကာမှာလည်း ဆောင်ရွက်နေကြတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ ကူညီဆောင်ရွက်ပေးမှုက ရေတိုဆေးမြီးတိုသဘောမျိုးဖြစ်ပြီး ရေရှည်အဆင်ပြေနိုင်ဖို့ကတော့ တာဝန်ရှိသူတွေက ဆောင် ရွက်မှရမယ်လို့ ဆိုပါတယ်။

တရားလွှတ်တော် ရှေ့ နေ ဦးခင်မောင်ဇော်က“အဲတော့ သူတို့ လုပ်ပိုင်ခွင့်ရှိတယ်၊ လုပ်လည်းလုပ်ရမယ့် သူတို့တတွေပေါ့ တရား လွှတ်တော်ချုပ်ကလည်း တရားလွှတ်တော်ချုပ်အလျောက် ရဲရဲနည်းလမ်းရှာပြီးတော့ အုပ်ချုပ်ရေး အာဏာပိုင်နဲ့ ဘယ်လိုပေါင်းစပ်မလဲ အဲဒါလေးတွေလည်း ဆက်ပြီးဆွေးနွေးပါမယ်။ ကျနော်တို့ ကတော့ လတ်တလော ဖြေရှင်းချက်တစ်ခု ကူညီမယ်”လို့ ပြောပါတယ်။

လက်ရှိမှာ တရားရုံးအသီးသီးအနေနဲ့ အမှုစစ်ဆေးနေတဲ့နေရာမှာ အဆင်ပြေအောင် ဆောင်ရွက်နေကြပေမယ့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေပြီး အားလုံးအဆင်ပြေနိုင်မယ့် ညွှန်ကြားချက်ထုတ်သင့်သလို အခုလို ကပ်ဘေးအန္တရာယ်ဖြစ်နေတဲ့ကာလမှာ ၁၉၈၈ ခုနှစ် အထူးကာလစည်းကမ်းသတ်ဥပဒေကို ပြင်ဆင်သင့် မသင့် စဉ်းစားသင့်တယ် လို့ ဆိုပါတယ်။

“နောက် အခုအများထောက်ပြနေကြတဲ့ အထူးကာလစည်းကမ်းသတ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေထုတ်သင့်သလား၊ ထုတ်သင့်တယ်ဆိုရင် အခုဟာက သမ္မတကလည်း ထုတ်ခွင့်မရှိဘူး၊ လွှတ်တော်မှ ထုတ်ခွင့်ရှိတယ် လွှတ်တော်က ရပ်နားထားတယ်။ အဲဒါကိုထုတ်ဖို့အတွက် တရားသူကြီးချုပ်က အဆိုပြုရမယ်။ အဲဒီအလုပ်တွေလုပ်ဖို့ အာဏာကြီး သုံးရပ်က ဦးစီး ဦးဆောင်ပုဂ္ဂိုလ်တွေ လုပ်ဖို့လိုမယ်လို့ ထင်တယ်။ ကျနော်တို့ရဲ့ ပင်တိုင်အားကိုးရာဖြစ်တဲ့ တရားသူကြီးချုပ်ကိုလည်း အဲဒါတွေ မေတ္တာရပ်ခံချင်တာတွေရှိတာပေါ့ဗျာ ” လို့ တရားလွှတ်တော် ရှေ့ နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အခက်အခဲဖြစ်နေတဲ့ ရှေ့နေတွေကိုယ်စား မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း(နေပြည်တော်)နဲ့ဥပဒေအထောက် အကူပြုအဖွဲ့က ရှေ့နေတွေကနေ ကိုယ်စားသွားကူညီဆောင်ရွက်ပေးနေသလို ကာလစည်းကမ်းသတ်ကျော်လွန်မယ့် အခြေအနေရှိတဲ့ အယူခံ/ပြင်ဆင်ချက်အမှုတွေကိုလည်း နှစ်ရက်ကြိုပို့ပေးရင် ကိုယ်စား ကူညီဆောင်ရွက်ပေးနေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013