
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေနဲ့ ဧရာဝတီတိုင်းရှိ ၂၆ မြို့နယ်မှာ ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ အပြင်မထွက်ရတဲ့ ညမထွက်ရအမိန့်ကို ၂ လ သတ်မှတ်လိုက်တယ်လို့ ဧပြီ ၂၃ ရက်နေ့စွဲနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဒေသန္တရအမိန့်တွေ အသီးသီး ထုတ်ပြန်ထားပါတယ်။
လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ COVID - 19 ဟာ မြန်မာနိုင်ငံမှာ ကူးစက်ပြန့်ပွားနေပြီး သက်ဆိုင်ရာမြို့နယ်တွေအတွင်း COVID - 19 ကူးစက်ခံရမှု မရှိစေရေးနဲ့ အချိန်မီထိန်းသိမ်းရေးအတွက် အမိန့်ထုတ်ပြန်တာလို့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
ဒီအမိန့်ဟာ အများပြည်သူအကျိုးအတွက် ရည်ရွယ်ထုတ်ပြန်တာဖြစ်လို့ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး အခုအမိန့်အား ထုတ်ပြန်တဲ့နေ့ကနေ ၂ လ အတည်ဖြစ်ကြောင်းလည်း အမိန့်စာမှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်က ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရ ဒေသန္တရအမိန့်တွေကိုလည်း ဧပြီလ ၂၃ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်နဲ့ လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်းသိရပါတယ်။
ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် လိုက်နာရန်ပျက်ကွက်လို့ အရေးယူထားသူ ၃၉ ဦးထိရှိလာပြီး အများဆုံးကတော့ ဟင်္သာတခရိုင်က ဖြစ်ပါတယ်။
ပုသိမ်ခရိုင်မှာလည်းအရေးယူထားတာမျိုးရှိကာ ပြစ်ဒဏ်ကျူးလွန်သူ အားလုံးကို ၁ လမှ ၂ လထိ အလုပ်မဲ့ ထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက နေသိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)










