
COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ဗဟိုကော်မတီကထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ ညွှန်ကြားချက်တွေကို ဧပြီ ၃၀ ရက်နေ့မှ မေလ ၁၅ ရက်နေ့ အထိ တိုးမြှင့် သတ်မှတ်ဖို့ဆုံးဖြတ် ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှာ ခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဧပြီ ၃၀ ရက်အထိ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထပ်မံကာလတိုးမြှင့်ဖို့ကိစ္စ၊ နယ်စပ်က ပြန်လည် ဝင်ရောက်လာမယ့်သူတွေကို facility quarantine ၂၁ ရက် ထားရှိဖို့ကိစ္စ၊ COVID-19နဲ့ ပတ်သက်တဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေကို စနစ်တကျ သုံးစွဲရေးကိစ္စနဲ့ စက်ရုံ အလုပ်ရုံတွေ စည်းမျဉ်းစည်းကမ်းနဲ့အညီ လည်ပတ်နိုင်ရေး၊ ကုန်စည်စီးဆင်းမှု မပြတ်တောက် စေရေး၊ လျင်မြန်ချောမွေ့စေရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
COVID-19 ရောဂါဆိုင်ရာဗဟိုကော်မတီက အရင်ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်ထဲမှာ လူစုလူဝေးနဲ့ကျင်းပတဲ့အစည်းအဝေးတွေ၊ အခမ်းအနားတွေနဲ့ ပွဲလမ်းသဘင်တွေကို ဧပြီလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းထားဖို့ ထုတ်ပြန်ထားခဲ့တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ COVID-19 ရောဂါ ပြဿနာနဲ့ ပတ်သက်လို့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်လည်းပြင်ထားဖို့လည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
“ကျွန်မတို့ပြည်သူတွေ စိတ်မောသွားကြပြီလား။ တာဝေးပြေးပွဲကြီး ဆိုတော့ ခံနိုင်ရည် မွေးရမှာပါပဲ။ ယခုထိ ဘယ်နိုင်ငံမှ COVID-19 ရောဂါ ပြဿနာကို အောင်နိုင်ပြီလို့ မပြောနိုင်သေး ပါဘူး။ အချို့ နိုင်ငံတွေဆိုရင် ပထမလှိုင်းကျသွားပြီးလို့ ဒုတိယလှိုင်းထလာပြီလို့တောင်ဆိုပါတယ်။ မြန်မာနိုင်ငံမှာ COVID ပထမလှိုင်းကြီးတောင် မပြီးပြတ်သေးပါဘူး။ လှိုင်းထိပ်က ဘယ်လောက်ထိ မြင့်နိုင်မယ်ဆိုတာ မသိနိုင်သေးသလို၊ ဘယ်တော့ ပြန်ကျမယ်ဆိုတာလည်း မသိနိုင်သေးပါဘူး။ အကောင်းဆုံးကို မျှော် လင့်ပြီး အဆိုးဆုံး အတွက်လည်းပြင်ထား ရတာပါ။”
ဧပြီ ၃၀ ရက်နေ့ထိ စောင့်ဖို့ ပန်ကြားထားလို့ နယ်စပ်မှာ စောင့်နေကြတဲ့ အလုပ်သမား များစွာလည်း ပြန်လာဖို့ရှိတဲ့အကြောင်း ကိုယ့်ရပ်၊ ကိုယ့်ရွာကို အေးဆေး လုံခြုံစွာပြန်နိုင်ဖို့ ကျန်းမာရေးအစီအစဉ်တွေ၊ quarantine အစီအစဉ်တွေ၊ ပို့ဆောင်ရေး အစီအစဉ်တွေလည်း ချမှတ်နေပါပြီလို့လည်း ပြောပါတယ်။
ဒါ့အပြင် COVID တိုက်ပွဲကြီးမှာ အရေးပါတဲ့ကဏ္ဍကပါ ဝင်နေတဲ့ စေတနာ့ ဝန်ထမ်းတွေ ရဲ့အင်အားတွေကို နိုင်ငံတော် အတွက်စနစ်တကျ သုံးနိုင်အောင် ဖွဲ့ဖို့စီစဉ်နေပြီး အဖွဲ့အတွက် ဆောင်ပုဒ်ကတော့ မေတ္တာ၊ စာဂ၊ ဝီရိယ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဓာတ်ပုံ- အတိုင်ပင်ခံရုံး










