
မန္တလေးမြို့က COVID-19 ရောဂါ အတည်ပြုလူနာ နံပါတ် ၄ ဟာ ပိုးမတွေ့ကြောင်း အဖြေထွက်ပြီး Facility Quarantine ဆက်လက်နေခဲ့ကာ ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဒီကနေ့ နေအိမ်ကို ပြန်ခွင့်ပေးလိုက်ပြီလို့ မန္တလေးအထွေထွေရောဂါဆေးရုံကြီး ဆေးရုံအုပ် ဒေါ်စုစုဒွေးက ပြောပါတယ်။
“သူ့ကို ဒီကနေ့မှာ အိမ်ပြန်ခိုင်းလိုက်ပါပြီ။ Home Quarantine အနေနဲ့ တစ်ပတ်အိမ်မှာ နေခိုင်းထားတယ်။ နောက်ပြီး တစ်ပတ်တစ်ခါ လာပြဖို့လည်း ပြောထားပါတယ်။”
ဆေးစစ်ရလဒ်အဖြေဟာ ပိုးမရှိကြောင်းအဖြေထွက်တာ နှစ်ကြိမ်ရှိပြီဖြစ်တဲ့အတွက် ပိုးတွေ့လူနာနဲ့ ဇနီးဖြစ်သူကို ကန်တော်နဒီဆေးရုံကနေ နဒီမြန်မာဆေးရုံမှာ Facility Quarantine အဖြစ် ဆက်လက်ထားရှိခဲ့တာပါ။
အဆိုပါလူနာဟာ မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ဖြစ်ပြီး မန္တလေးမြို့ မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းမှာ နေထိုင်ပြီး မတ်လ ၂၆ ရက်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ စစ်ဆေးတွေ့ရှိခဲ့ တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ဒီနေ့မနက်အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၂၇ ဦးရှိသွားပြီဖြစ်ပြီး ပြန်ကောင်းလာသူ ၉ ဦးရှိသွားပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။










