DVB Logo
Home
Lead Story
ချိုးမကူ ကျည်မစဲ တိုက်ပွဲတွေက ညံစီစီ
DVB
·
April 23, 2020
ချိုးမကူ ကျည်မစဲ တိုက်ပွဲတွေက ညံစီစီ
Donate to DVB

ဧပြီ ၂၁ ရက်နေ့။  မြန်မာနိုင်ငံကုလသမဂ္ဂရုံးရှေ့ကအလံတိုင်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် အလံ တိုင်တဝက် လွှင့်ထူထားတာကိုတွေ့တော့ စိတ်ထဲမသာမယာဖြစ်ခဲ့ရတယ်။ ဖြစ်ရပ်တွေကပဲ မယဉ်ကျေးတာလား အရိုင်းစိတ်ပဲ ဝင်နေသလားမပြောတတ်။ စစ်ဆိုတာ မနူးညံ့မှန်းတော့ အစကတည်းသိခဲ့ပါတယ်။

ဘယ်စစ်ပွဲမှာမဆို ကြက်ခြေနီတို့၊ ကျန်းမာရေးအဖွဲ့အစည်းတို့ကို စစ်မြေပြင်မှာတောင် ဂရုစိုက်ရှောင်ကွင်းပြီး လိုတာကူညီမစကြရမြဲပါ။ အခုတော့ WHO ဆိုတဲ့ တံဆိပ်ကြီးထင်ထင်ရှားရှားပါတာတောင်မှ လက်ရှောင်မပေး နိုင်ကြဘူး။ ရက်စက်ခြင်းထက် မိုက်မဲခြင်းက ပိုမယ်ထင်ရပါတယ်။

ကျည်လာရာနဲ့လားရာကို မခန့်မှန်းတတ်ပေမယ့် ဒါဟာ စစ်ဖြစ်နေစဲ လောလောလတ်လတ် တိုက်ပွဲဖြစ်နေတာမဟုတ်လို့ ရမ်းသန်းပစ်ခတ်နေတယ်လို့တော့ မဆိုနိုင်ပါဘူး။ သေသေချာချာကို ချိန်ရွယ်ပြီးပစ်ခတ်တာပဲ ဆိုတာလောက်တော့ ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒါအပြင် စနိုက်ပါနဲ့ ချိန်ရွယ်ပြီးပစ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ခြေရှိ နေပါတယ်။ ဒါက ဘာကိုဖေါ်ပြနေသလဲဆိုတော့ ရည်ရွယ်ချက်ရှိရှိ ဦးတည်ချက်ရှိရှိနဲ့ လုပ်ဆောင်နေ လေသလားဆိုတဲ့ သံသယကိုဖြစ်ပေါ်စေပါတယ်။ တနည်းပြောရရင် နိုင်ငံရေးကြံရွယ်မှုပါတဲ့ လုပ်ရပ်လို့တောင်ဆိုနိုင်ပါတယ်။ တယောက်တယောက် အပုတ်ချလိုစိတ်နဲ့ မိုက်မိုက်မဲမဲ ကြံရွယ်ခဲ့ကြဟန်ပါပဲ။

ကျန်းမာရေးပရဟိတအဖွဲ့တို့ ကြက်ခြေနီတို့ကို ပစ်ခတ်တာဟာ ရခိုင်ပြည်နယ်မှမဟုတ်ဘူး။ အရင်ကလည်း ရှမ်းမြောက်မှာ ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုကြက်ခြေနီအဖွဲ့ကို တိုက်ခိုက်ခံရတာမျိုးဟာ မြန်မာနိုင်ငံမှာ အရင်ကမကြုံဘူးခဲ့ပေမယ့် ၂၀၁၅ လောက်ကစပြီး ဒီဖြစ်ရပ်တွေကြုံတွေ့လာရတယ်။ လောက်ကိုင်ကနေ ကွမ်းလုံကို စစ်ဘေးရှောင်တဲ့သူတွေ သယ်ဆောင်လာတဲ့ ကြက်ခြေနီယာဉ်တန်းတိုက်ခိုက်ခံရချိန်ကစပြီး အစရှိ နောက်နောင်ဆိုသလို ဖြစ်လာခဲ့တော့တာပဲ။

မြန်မာပြည် စစ်မြေပြင် ရခိုင်ဘက်ကို ပြောင်းရွေ့သွားချိန်မှာလည်း ကြက်ခြေနီယာဉ်တန်းတွေ တိုက်ခိုက်ခံရတာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့က ထပ်မံကြုံတွေ့ကြရပြန်တယ်။ ICRC က စစ်တွေဆိပ်ကမ်းကနေ မောင်တောဒုက္ခသည်စခန်းအတွက် ကူညီရေးပစ္စည်းတွေ စက်လှေပေါ်တင်နေချိန် ရာချီတဲ့လူအုပ်စုတစုက တားမြစ်ပိတ်ပင်ရာမှာ လုံခြုံရေးအဖွဲ့တွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ဖူးတယ်။

၂၀၁၉ ဇွန် ၂၇ ရက်ကလည်း တကြိမ် ကြက်ခြေနီယာဉ်တန်းကို လက်နက်ကိုင် လူရမ်းကားတချို့က မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ အဲ့ဒီတုန်းကလည်း ICRC ကြက်ခြေနီအဖွဲ့က မောင်တောဒေသအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ကုန်ကား ၆ စီးနဲ့ တင်ဆောင်လာရာမှာ ကျောက်တော်မြို့နယ် ကျောက်ကြပ်ရွာအနီးမှာ မိုင်သုံးလုံးခွဲပြီး အပစ်ခံကြရတာပါ။ အကြမ်းဖက်ခံရတဲ့ နှစ်ကြိမ်စလုံးကတော့ မောင်တောဒေသ စစ်ဘေးရှောင်သူတွေအတွက် ကူညီထောက်ပံ့ရေးနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “၂၀၁၉ ဇွန် ၂၇ ရက်ညနေပိုင်း ကျောက်တော်မြို့နယ် မဟာမုနိလမ်းဆုံအနီး ကျောက်ကြပ်ကျေးရွာနားမှာ ICRC အဖွဲ့ရဲ့ ကုန်တင်ကား ၆ စီးကို အေအေအဖွဲ့က ရီမုတ်ကိုအ သုံးပြုပြီးမိုင်း ၃ လုံးနဲ့ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်”လို့ သတင်းထုတ်ပြန်ခဲ့တယ်။

ဒါကိုတော့ အေအေအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း “ အေအေနဲ့ သက်ဆိုင်ခြင်းမရှိသလို ICRC ယာဉ်တန်းကိုလည်း ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်းမရှိဘူး”လို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။

ဧပြီ ၂၁ ရက်က ဖြစ်ရပ်ကတော့ ရင်နာစရာပိုကောင်းသလို လက်နက်ကိုင်ပြီး မိုက်သွေးကြွနေတတ်သူတို့ရဲ့ ဆင်ခြင်တုံတရားကင်းမဲ့ခြင်းနဲ့ ကိုယ်ရည်ကိုယ်သွေးသိမ်ဖျင်းပြီး သတ္တိကြောင်တဲ့ လူမဆန်သူတို့ရဲ့လုပ်ရပ်လို့တောင်ဆိုရမှာပါ။

ဖြစ်စဉ်ကိုတော့ အားလုံးသိပြီးမို့ ထူးထွေတင်ပြစရာမရှိ‌ပေမယ့် ဆိုးတာက ကိုဗစ်-၁၉ ရောဂါ သံသယနဲ့ စောင့်ကြည့်လူနာတို့ရဲ့ နှာခေါင်းနှင့် အာခေါင်‘တို့ဖတ်’နမူနာတွေကို ဆေးစစ်ဖို့သယ်ဆောင်လာတဲ့ WHO တံဆိပ်ပါတဲ့ မော်တော်ကားဖြစ်နေတာကတော့ တကယ့်ကို ထူးခြားဖြစ်စဉ်တခုပါ။

အဲဒီနေ့မှာပဲ မင်ပြားမြို့နယ် ဖားပြိုရွာအနီးမှာ ဘဏ်တခုက ရခိုင်မှာရှိတဲ့ဘဏ်ခွဲတွေကို ပိုးသတ်ဆေးဖျန်းဖို့ သယ်ဆောင်လာတဲ့ CPS ပိုးသတ်ဆေး ကုမ္ပဏီပိုင် ကားတစီးဟာလည်း အလားတူပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက်  ယာဉ်မောင်းတဦး ထပ်မံသေဆုံးခဲ့ရပြန်ပါတယ်။ 

တကယ်တော့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့နိုင်ငံ တခုပါ။ ဂျီနီဗာကွန်ဗင်းရှင်းအပိုဒ်(၉)မှာတော့… “တိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့အစည်းများသည် ဆေးရုံနှင့်ရွေ့လျား ဆေးကုသရေးအဖွဲ့များအား မည်သို့သော အခြေနေမျိုးတွင်မဆို ယင်းတို့အား တိုက်ခိုက်ခြင်းမပြုလုပ်ရ။ ယင်းတို့အား လေးစားမှုထားပြီး အကာကွယ်ပေးရမည်” လို့ဆိုထားပါတယ်။ ဒီကွန်ဗင်းရှင်းကို သူပုန်သကန်တွေအနေနဲ့ လိုက်နာကောင်းလိုက်နာနိုင်သလို ဥပက္ခာ ပြုကောင်းလည်းပြုနိုင်ပါတယ်။

ဒါပေမယ့် အစိုးရတရပ်ရဲ့လက်အောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ မဖြစ်မနေ လိုက်နာကြရမှာပါ။ တခုတော့ရှိရဲ့ အရပ်ဘက်နဲ့စစ်ဘက် အစိုး နှစ်ခု ပုံစံဖြစ်နေတဲ့န နိုင်ငံမျိုးတွေမှာတော့ ‘အရပ်သားအစိုးရဟာ ငါတို့နဲ့မဆိုင်’ ဆိုတာမျိုးတွေလည်း ရှိကောင်းရှိနေနိုင်တာပါပဲ။ ဒါက ဖြစ်တတ်တဲ့သဘာဝကိုပြောတာပါ။

ဘာပဲဖြစ်ဖြစ် အခုလုပ်ရပ်တွေကတော့ သာမန်လူ့အောက်တန်းကျတဲ့သူတောင် မကျူးလွန်ဝံ့တဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့ကြတာ။ ပိုဆိုးတာက လက်နက်ကိုင် ယောကျ်ား အရင့်အမာကြီးတွေက တာဝန်ယူစိတ်မရှိပဲ တယောက်တ ယောက်လွှဲချပြီး ခေါင်းရှောင်နေကြခြင်းပါပဲ။ အဲ့ဒီလို ခေါင်းရှောင်သူတွေလက်ထဲကို ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကို ဘယ်လိုစိတ်မျိုးနဲ့ ယုံယုံကြည်ကြည် ထိုးအပ်နိုင်ကြပါ့မလဲ။ 

ဒီအတိုင်းဆိုရင်တော့ မြန်မာနိုင်ငံဟာ “ချိုးမကူ ကျည်မစဲ တိုက်ပွဲ တညံညံ”ထဲမှာပဲ ပိုင်ရှင်မဲ့ကျည်သင့်ပြီး အရပ်သားတွေသေပွဲဝင်နေရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ လက်နက်ကိုင်တို့ရဲ့ လူမဆန် မိုက်မဲမှုတွေကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လူသတ်ပွဲကို ဆင်နွှဲနေကြအုံးမည်ဖြစ်ကြောင်းပါ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013