DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် ပစ်ခတ်မှုဖြစ်ပြီး လူ  ၄ ဦးသေဆုံး တချို့ ဒဏ်ရာရ 
DVB
·
April 23, 2020
မင်းပြားတွင် ပစ်ခတ်မှုဖြစ်ပြီး လူ  ၄ ဦးသေဆုံး တချို့ ဒဏ်ရာရ 
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဧပြီ ၂၂ ရက်က  ပစ်ခတ်မှုဖြစ်ပွားပြီး တရက်တည်းမှာ လူ  ၄ ဦးသေဆုံးကာ  တချို့ ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေနဲ့ ပရဟိတအဖွဲ့က ပြောပါတယ်။

ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းနဲ့ ညပိုင်းက မင်းပြားတပ်ရင်းက တပ်မတော်စစ်ကြောင်း တခုက မင်းပြားမြို့အထက်က ရာမောင်တံတားဘက်ကို စစ်ကြောင်းထွက်လာရာကနေ ခေါင်းလောင်း ရွာအနားမှာ မိုင်းဆွဲခံရပြီးနောက်မှာ ပစ်ခတ်ခဲ့တယ်လို့  သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ကဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။

“တပ်မတော်စစ်ကြောင်းက ရာမောင်ဘက်ကို စစ်ကြောင်းထွက်တယ်။ ခေါင်းလောင်းကျေးရွာ အနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်။ မိုင်းဆွဲခံရတော့ ခေါင်းလောင်းကျေးရွာကို ပစ်ခတ်မှုတွေ လုပ်တယ်။ ပြီးတော့ နရင်းခွဆုံရောက်တဲ့အချိန်မှာ နွားကျောင်းနေတဲ့ မွတ်ဆလင်တွေကို သေနတ်လှမ်းပစ်တယ်။ တယောက်သေတယ်။ တယောက်ဒဏ်ရာရတယ်။ နောက်ပြီးတော့ စမ္ဘပလေရွာ နားရောက်တော့ လက်နက်ငယ်တွေ လက်နက်ကြီးတွေ လှမ်းပစ်တယ်။ နောက်ပြီး ကျွဲကျောင်းနေတဲ့ လူတယောက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့လို ပေါင်းနှစ်ဖက်လုံးပြတ်သွားတယ်။ သူ့ကို ကျနော်တို့ကိုယ်တိုင် ဆေးရုံလိုက်ပို့ပေးတယ်။ ဆေးရုံအသွားမှာသေတယ်။ တပ်မတော် စစ်ကြောင်း ၇ နာရီကျော်လောက်မှာ မင်းပြားမြို့ထဲဝင်သွားတယ်။ ဖြစ်စဉ်တခုတည်း တရက်တည်းမှာ ၄ ယောက်သေတယ်။

ပစ်ခတ်ခံရမှုကြောင့်သေဆုံးသူတွေကတော့ စမ္ဘလေကျေးရွာက အီစူအာလီ အသက် ၁၅ နှစ်၊ နရမ်းကျေးရွာချေက ဦးစံကျော် အသက် ၆၁ နှစ်၊ မင်းပြားမြို့ ပြည်တော်သာရပ်ကွက်က  ကိုသန်းထွန်း အသက် ၃၁ နှစ်နဲ့ ကျော်မြတ်ထွန်း(ခ)ထွန်းနုချေ အသက် ၃၁ နှစ်တို့ဖြစ်ကြပါတယ်။  ဒဏ်ရာရသူတွေကတော့ စမ္ဘလေကျေးရွာက မာမောက်ရောဖိ၊ မာမောက်ချော်ဖီနဲ့  နိုဟတုံ တို့ ဖြစ်ကြပါတယ်။

မင်းပြားရာမောင်းတံတားသွားရာလမ်းဖြစ်တဲ့ စမ္ဘလေးကျေးရွာနား အရောက်မှာ တပ်မတော် စစ်ကြောင်းက ပစ်ခတ်လို့  နွားကျောင်းနေတဲ့သူတွေထဲက အီစူအာလီသေဆုံးခဲ့ပြီး နရမ်းကျေးရွာက ကျွဲကျောင်းနေတဲ့ ဦးစံကျော်ကတော့ လက်နက်ကြီးနဲ့ အပစ်ခံရလို့ ပေါင် နှစ်ဖက်လုံးပြတ်သွားကာ ဆေးရုံအသွားလမ်းမှာ  သေဆုံးခဲ့ပါတယ်။

တပ်မတော်စစ်ကြောင်းက မင်းပြားမြို့ထဲကိုလည်း  ဧပြီ ၂၂ ရက် ည ၇ နာရီ ကျော်လောက် ဝင်လောက်ပြီးနောက် မင်းပြားမြို့ထဲမှာဆိုင်ကယ်နဲ့ သွားနေတဲ့ လူငယ်နှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်လို့ လူငယ် ၂ ဦးသေဆုံးသွားတယ်လို့  သေဆုံးသူရဲ့အစ်ကိုဖြစ်သူ ကိုသန်းထွန်းဦးကပြောပါတယ်။

“ညက ၈ နာရီ ၁၀ မိနစ်လောက်မှာ ကျနော်ညီကဆိုင်ကယ်နဲ့ အိမ်ကိုလာတယ်။ အဲ့ဒီမှာ တပ်ကလည်း ရဲစခန်းဘက်ကလာတယ်။ အဲ့ဒီမှာ တပ်က ကျနော်တို့ညီ စီးလာတဲ့ဆိုင်ကယ်ကို သေနတ်တွေ လှမ်းပစ်တယ်။ အဲ့ဒီမှာပဲ ကျနော်ညီနဲ့ ဆိုင်ကယ်နောက်လိုက်ပါလာတဲ့သူလည်း ပွဲချင်းပြီး သေတယ်။ စစ်သားတွေကတော့ သေဆုံးနေတဲ့အလောင်းကို ရဲစခန်းကိုအပ်တယ်။ ပြီးတော့ သူတို့ ထွက်သွားတယ်။

မင်းပြားမြို့ခံ  ဦးထွန်းသာအေးကလည်း “မင်းပြားမြို့ဘက်မှာတော့ မနေ့က တိုက်ပွဲဖြစ်တာမရှိပါဘူး။ မြို့နဲ့ဝေးတဲ့ ရာမောင်တံတားနားမှာတော့ မနေ့က တိုက်ပွဲဖြစ်တာ ရှိတယ်။ နောက်ပြီးလေယာဉ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်တယ်။ လေယာဉ်နှစ်စီးနဲ့ အဲ့ဒီ မင်းတင်မကျေးရွာအနားက တောင်တန်းတွေ အကုန်ပစ်တယ်။” လို့ ပြောပါတယ်။ 

မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်ကတော့ ဥပဒေအညီ လုပ်ဆောင်သင့်တဲ့အကြောင်းနဲ့ သေဆုံးသူတွေရဲ့  မိသားစုဝင်တွေက အကူအညီ တောင်းထားတဲ့အတွက် ဥပဒေ ဘောင်ထဲကနေ ရတဲ့နည်းနဲ့ ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

သေဆုံးသွားသူတွေကို ဒီကနေ့ မင်းပြားမြို့မှာ သင်္ဂြုဟ်မှာ ဖြစ်ပြီး  စမ္ဘလေကျေးရွာက သေဆုံးလူငယ်ကိုတော့ ရွာမှာပဲသင်္ဂြိုဟ်သွားမှာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့  တပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၂၂ ရက် ည ၈ နာရီ ၁၀ မိနစ်လောက်က မင်းပြားမြို့ဘက်မှ ရာမောင် တံတားဘက်သို့ YAMAHA(FZ) အမျိုးအစား ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးမောင်းနှင် လာတာကို မသင်္ကာဖွယ်တွေ့ရှိလို့ စစ်ဆေးဖို့ အော်ဟစ်တားမြစ်စဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာဆက်လက်မောင်းနှင်လာလို့  လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက ခြောက်လှန့် ဟန့်တားပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။

အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာ အရပ်ဝတ် ဝတ်ဆင်ပြီး လဲကျသေဆုံးနေတဲ့ အသက် ၂၅ နှစ်ခန့်အရွယ်ရှိအမည်မသိ အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမည်မသိ အမျိုးသား ၁ ဦး၊ စုစုပေါင်း အမျိုးသား ၂ ဦးတို့ကို ဆိုင်ကယ်တစ်စီးနဲ့အတူ တွေ့ရှိရပြီး သူတို့အနီးမှာ အဖြူရောင် ပလပ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ မိုင်းထောင်ဖောက်ခွဲဖို့ အသုံးပြုတဲ့ ဖြူးစ် ၃ ချောင်း၊ ဝါးညှပ်နင်းခလုတ် ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013