
ဧရာဝတီတိုင်းရှိ ဟိုတယ်၊ မိုတယ်၊ Inn နဲ့ တည်းခိုခန်းတွေကို ဧပြီလကုန် အထိ ပိတ်ထားဖို့ တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၂၂ ရက်နေ့ အမိန့်ထုတ်ပြန်ပါတယ်။
အမိန့်ထုတ်ပြန်ချက်မှာ ပုသိမ်ခရိုင်အတွင်းက ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရန်ဂျီကမ်းခြေ ဒေသအပါအဝင် တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ဟိုတယ်၊ မိုတယ်၊ Inn နဲ့ တည်းခိုခန်းတွေပိတ်ဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။
ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာသူတွေ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့လည်းဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့် လည်း ထုတ်ပြန်ထားသလို ခရီးသွားယာဉ်လိုင်းတွေကိုလည်း ဧပြီလကုန်ပိုင်းအထိ ပိတ်ထားပြီး ရေယာဉ်လိုင်းတွေကတော့ နေခင်းပိုင်းအချိန် ပြောင်းလဲပြေးဆွဲဖို့ အမိန့်ထုတ်ထားပါတယ်။
ဧရာဝတီတိုင်းမှာ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ၊ ရွှေသောင်ယံ စတဲ့ ကမ်းခြေတွေ ရှိပြီး ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ လုံးနဲ့ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံး၊ တည်းခိုခန်း ၄၆ လုံးရှိပြီး တနှစ်ကို ဧည့်သည် သိန်းနဲ့ချီ ဝင်ရောက်လည်ပတ်လေ့ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)










