DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် မလိုက်နာသူ ၃၃ ဦးကို ထောင်ချအရေးယူထား
DVB
·
April 23, 2020
ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် မလိုက်နာသူ ၃၃ ဦးကို ထောင်ချအရေးယူထား
1 / 6
Donate to DVB

COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့် ထွက်ပြီး ၃ ရက်အကြာမှာ အမိန့်မလိုက်နာသူ ၃၃ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ညမထွက်ရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးအရေးယူခံထားရတဲ့ သူ ၃၃ ဦးကတော့ ဟင်္သာတခရိုင်က ၂၂ ဦးနဲ့ ပုသိမ်ခရိုင်က ၁၁ ဦး ဖြစ်ပြီး သူတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက  ဒီဗွီဘီကိုပြောပါတယ်။

"ဒေသန္တရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးအရေးယူထားရတာ အားလုံးဆိုရင်တော့ ၃၃ ဦး ရှိသွားပါပြီ၊ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထားပါတယ်" 

ညမထွက်ရအမိန့်ကို လိုက်နာခြင်းမရှိတဲ့အတွက် ဟင်္သာတမြို့မရဲစခန်းက ၇ ဦးဖမ်းဆီးအရေး ယူထားပြီး တလုတ္ထော်နယ်မြေရဲစခန်းမှာ ၁၅ ဦးဖမ်းဆီးအရေးယူထားပါတယ်။ သူတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ခဲ့ပြီး  သက်ဆိုင်ရာတရားရုံးက အလုပ်မဲ့ထောင်ဒဏ် ၁ လစီချမှတ်ခဲ့ပါတယ်။

ပုသိမ်ခရိုင်က ညမထွက်ရအမိန့်အလိုက်နာသူ ၁၁ ဦးကိုတော့ ပုသိမ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး အလုပ်မဲ့ထောင်ဒဏ် ၂ လစီ အသီးသီး ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အရေးယူမှုမပြုလုပ်ခင် ပထမ ၂ ရက်မှာ ဖမ်းဆီးခြင်းမရှိဘဲ အသိပညာပေးတာတွေပြုလုပ်ပြီး ပြန်လွှတ်ခဲ့ကာ တတိယမြောက်နေ့မှ စတင်အရေးယူတာလို့  တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဧရာဝတီတိုင်းမှာ ဧပြီ ၁၈ ရက်က စတင်ကာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ- ဝေယံ (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013