
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ အင်းစိန်မြို့နယ်တို့မှာ COVID-19 အတည်ပြုလူနာသစ် ၂ ဦး ထပ်တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၂၂ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ် ၂ ဦးကတော့ သာကေတမြို့နယ်က အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အင်းစိန်မြို့နယ်က အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ပါတယ်။
အဆိုပါလူနာ ၂ ဦးဟာ ပြည်ပကိုသွားခဲ့တဲ့ ခရီးသွားရာဇဝင်မရှိဘဲ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေဖြစ်ပြီး သက်ဆိုင်ရာဆေးရုံကို လွှဲပြောင်းကာ သီးခြားထားရှိကုသမှု ပေးသွားမယ်လို့ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဧပြီ ၂၂ ရက်ညနေက ပထမအသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ (၁၈၀) ခုအနက် ၂ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိရတာဖြစ် ပြီး ကျန်သူတွေကတော့ ရောဂါပိုးမတွေ့ဘူးလို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၂၃ ဦးရှိပြီး သေဆုံးသူ ၅ ဦးနဲ့ ရောဂါပိုးကင်းစင်လို့ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ ၉ ဦး ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- MOHS










