
ရန်ကုန်မှာ လူငယ်တွေကို အလုပ်ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ကာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်မှ ဒေသအရန်မီးသတ်တပ်ခွဲမှူး သိန်းဦးနဲ့ သားမက်ဖြစ်သူ တို့ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း Non-CDM ဝန်ထမ်းတွေထံက သိရပါတယ်။
အရန်မီးသတ်တပ်ခွဲမှူး သိန်းဦးနဲ့ သားမက်ဖြစ်သူတို့ဟာ ဒေသခံ လူငယ် ၄ ယောက်ကို အလုပ်ရမယ် ဆိုပြီး လိမ်လည်ခေါ်ဆောင်ကာ နေအိမ်အတွင်း အချုပ်ခန်းတွေ ဆောက်လုပ် ဖမ်းဆီးထားတာလို့ Non-CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
"တညင်းကုန်းလမ်းဆုံတဝိုက်မှာ လူငယ်တွေ ခဏခဏ ပျောက်နေတဲ့ကိစ္စနဲ့ မသင်္ကာလို့ ဒေသ အရန်မီးသတ်တပ်ခွဲမှူးအိမ်ကို ဝင်စစ်တာပါ။ တပ်ခွဲမှူးက သူနေတဲ့ ကျူးကျော်တဲ အနောက်မှာ အချုပ်ခန်းတွေ ဆောက်ပြီး လူငယ်တွေကို ဖမ်းထားတာ ဖြစ်ပါတယ်။ ထိတ်တုံးခတ်ထားခံရတဲ့ သူတွေရော အချုပ်ထားခံရတဲ့သူတွေရောဆို ၄ ယောက်လောက်ရှိတယ်။”
ဩဂုတ် ၂၅ ရက် ညနေ ၅ နာရီလောက်မှာ စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက တညင်းကုန်း ရပ်ကွက် ဒေသအရန်မီးသတ်တပ်ခွဲမှူး သိန်းဦးရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က "လူပျောက်တိုင်တဲ့သူတွေ များလာလို့ ဖမ်းတာပါ။ နယ်မြေက မဖမ်းရင် တိုင်းကဆင်းဖမ်းတော့မှာ။ အဲဒီအချိန် ဗိုလ်မှူး ကြည်ဇော်ဦးက ကောင်လေး တွေကို စစ်ကြောင်းက တညင်းကုန်းရပ်ကွက် ကျူးကျော်တဲမှာ ပြန်တွေ့တယ်ဆိုပြီး လုပ်တာပါ။ ပြောရရင် အရန်မီးသတ်တဖွဲ့တည်း မဟုတ်ဘဲ စစ်တပ်လည်း ပါပါတယ်။ စားတုန်းက ပေါင်းစားပြီး ပြဿနာဖြစ်လာတော့ ခေါင်းရှောင်သွားတာပါ"လို့ ပြောပါတယ်။
ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် ၄ ယောက်ကို မိသားစုဝင်တွေနဲ့ ပြန်လည်အဆက်အသွယ် ရရှိရေးအတွက် ဆောင်ရွက်ပေးနေပါတယ်။
လတ်တလောမှာ အင်းစိန်မြို့နယ် ရဲစခန်းက သိန်းဦး (ခ) အငယ်လေးနဲ့ သန်းစိုးတို့ ၂ ဦးကို (ပ) ၈၂၀/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၅ နဲ့ အမှုဖွင့်လှစ်ထား ပါတယ်။
မေ ၁၁ ရက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ ဝါဝါလမ်းမှာ နေထိုင်တဲ့ စစ်ရှောင်လူငယ် ၂ ယောက်ဟာ တညင်းကုန်းဈေးသို့ ပန်းရံသွားလုပ်ရင်း ပျောက်ဆုံးသွားခဲ့ပြီး အခုချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။
ဩဂုတ် ၃၀ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်မြို့နယ်မှာ စစ်မှုထမ်း လူစားထိုးဖို့ စစ်အာဏာရှင်တပ် အယောင်ဆောင်ကာ လူငယ် ၂ ယောက်ကို ဖမ်းဆီးခဲ့တဲ့ ကိုဇွဲညီညီခန့်၊ ဉာဏ်လင်းထွန်းနဲ့ မသဲအိချိုတို့ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။











