
ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်သူတွေအနေနဲ့ ခရီးသွားလာရာမှာ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ကို ယူဆောင်ပြီး သွားလာရမှာ ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။
COVID–19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရအဖွဲ့က ညွှန်ကြားထားတာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကို ပြောပါတယ်။
“ကိုယ့်မြို့နယ်အတွင်း ခရီးသွားမယ်ဆိုရင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရဲ့ ခရီးသွားထောက်ခံချက်နဲ့ သွားရမှာ ဖြစ်ပါတယ်။ အကယ်၍ မြို့နယ်ကျော်မယ်၊ တိုင်းကျော်မယ် ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ သွားရမှာဖြစ်ပါတယ်။ အခြား ပြည်နယ်နဲ့တိုင်းဒေသကြီးက ခရီးသွားပြည်သူတွေအနေနဲ့လည်း ဧရာဝတီတိုင်းကို လာမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနဆီကနေ ဒီဒေသမှာ နေထိုင်တာ မှန်ကန်ကြောင်းနဲ့ ဘယ်မြို့၊ ဘယ်ရွာကို ခရီးသွားမှာဖြစ်ကြောင်း ခရီးသွားထောက်ခံစာ ရယူလာဖို့ လိုအပ်ပါမယ်။”
တိုင်းအတွင်းရှိ မြို့နယ်အများစု၏ မြို့ဝင်ဂိတ်တွေ ပုသိမ်- မုံရွာလမ်းနဲ့ ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းတို့မှာ ခရီးသွားလာသူတွေ ခရီးသွားထောက်ခံစာ ပါ၊ မပါ စစ်ဆေး ဆောင်ရွက်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့ကို Stay at Home နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်း ဧပြီ ၁၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
ညွှန်ကြားချက် ထုတ်ပြန်ထားရှိပေမယ့် အဆိုပါ မြို့နယ် ၇ မြို့နယ်မှာ အမြဲဖြစ်စေ၊ ယာယီဖြစ်စေ နေထိုင်သူတွေအနေဖြင့် အကြောင်းအမျိုးမျိုးနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေကို ဝင်ရောက်လာပါက Community Based Facility Quarantine ၂၁ ရက်ထားရှိကာ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားဖို့ တိုင်းဒေသကြီးအဆင့် COVID–19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ညွှန်ကြားပြီး ဖြစ်ပါတယ်။
မင်းထက်မုန်း (ပုသိမ်)










