DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် Mask တပ်ခိုင်းသည့် ယာဉ်ထိန်းရဲကို ဓားဖြင့်ခုတ်ခဲ့သူ အမောဖောက်သေဆုံး
DVB
·
April 21, 2020
မုံရွာတွင် Mask တပ်ခိုင်းသည့် ယာဉ်ထိန်းရဲကို ဓားဖြင့်ခုတ်ခဲ့သူ အမောဖောက်သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နှာခေါင်းစည်း Mask တပ်ခိုင်းတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားနဲ့ခုတ်ခဲ့တဲ့ အမျိုးသားတဦးဟာ ရဲက လိုက်ဖမ်းစဉ် ထွက်ပြေးရာမှာ အမောဖောက်ပြီး  ဆေးရုံတင် ကုသမှုပေးနေစဉ် မနေ့ညနေက သေဆုံးသွားပါတယ်။

မုံရွာမြို့၊ သာစည်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ မြို့အဝင်အဖွဲ့စုံ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦးက   ဧပြီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ဓားနဲ့ အခုတ်ခံခဲ့ရပါတယ်။

 ဓားနဲ့ခုတ်တဲ့သူက မုံရွာမြို့နယ်၊ ဆုံကုန်းကျေးရွာနေ အောင်ကျော်မြင့် (၄၉ နှစ်)ဆိုသူဖြစ်ပြီး တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က Mask တပ်ဖို့  ပြောဆိုရာကို မကျေနပ်တဲ့အတွက် အိမ်ပြန်ကာ အရှည် ၃ ပေခန့်ရှိတဲ့ ဓားတချောင်းယူကာ ပြန်လာခုတ်ပြီး ထွက်ပြေးသွားခဲ့လို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရတာပါ။ 

အဆိုပါ အမျိုးသားဟာ ပြေးလွှားရာက မှောက်လဲပြီး နဖူး၊ မျက်ခုံးတို့မှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့သလို အမောဆို့နေတဲ့အတွက် မုံရွာဆေးရုံကြီးကို ရဲဆေးစာနဲ့ ပို့ဆောင်ခဲ့ရတာပါ။

 ညနေ ၄ နာရီခန့်အချိန်မှာတော့ ဆေးကုသမှု ခံယူနေရင်း သေဆုံးသွားတာလို့  မုံရွာနယ်မြေရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ဆန်းလင်းက ပြောပါတယ်။

“နှလုံးကြီး၊ အဆုတ်ပွ၊ အမောဖောက် အဲဒါနဲ့ ဆုံးတာ။ သေဆုံးသူ မိသားစုတွေလည်း လာတယ်။ မှုခင်းဆရာဝန်ကြီးကိုယ်တိုင် ပြောပြရှင်းပြတယ်။ လောလောဆယ်တော့ သေမှုသေခင်းတော့ ဖွင့်ရမယ်။ အမှုလည်း ပိတ်သိမ်းရမှာပေါ့။” 

ဓားနဲ့အခုတ်ခံခဲ့ရတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ဝေလင်းကတော့  မစိုးရိမ်ရတဲ့ ၁ လက်မခန့် ကျောကုန်းပွန်းရှဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်းမှာ (ပ)၁၇၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂ နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013