
မကွေးတိုင်းအတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်နေတဲ့ မြို့နယ် ၁၁ ခု၊ ကျေးရွာ ၃၄ ရွာက လူဦးရေ ၁ သောင်းကျော်အတွက် သောက်သုံးရေ ဂါလန် ၃ သိန်းကျော် လှူဒါန်းခဲ့တယ်လို့ မကွေးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။
“အလှူရှင်တွေ လှူဒါန်းတဲ့ သောက်သုံးရေ ဂါလန် ၁၆၀၀၀၀ ကျော်နဲ့ ဌာနကနေ လှူဒါန်းတဲ့ သောက်သုံးရေ ဂါလန် ၁၃၀၀၀၀ ကျော်ကို ဌာနဆိုင်ရာ မော်တော်ယာဉ်တွေနဲ့ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်တွေ ပူးပေါင်းပြီး သွားရောက် လှူဒါန်းပေးခဲ့တာပါ။ မြစ်ရေကို ရေသန့် ပြန်ထုတ်နိုင်တဲ့ ဌာနပိုင်ကားတွေ အသုံးပြုပြီး ဖြန့်ဝေပေးနေတာပါ။ ဌာနအနေနဲ့ ရေရှားပါးပြတ်လပ်လို့ အကူအညီတောင်းခံတဲ့ နေရာတွေကို နေ့စဉ် သောက်သုံးရေ လှူဒါန်းပေးနေပြီး အလှူရှင်တွေ လှူဒါန်းတဲ့ သောက်သုံးရေတွေကိုလည်း လုပ်အားစိုက်ထုတ်ပြီး ဖြန့်ဝေပေးနေပါတယ်။”
သောက်သုံးရေ ရှားပါးပြတ်လပ်ပါက နီးစပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို ဆက်သွယ် အကူညီတောင်းခံနိုင်ပြီး ချက်ချင်း လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
ရေလှူဒါန်းတဲ့နေရာမှာလည်း COVID-19 ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေအောင် တဦးနဲ့တဦး ၆ ပေ အကွာအဝေးထားပြီး လှူဒါန်းပေးနေတယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။
မင်းထီး










