ဟင်္သာတခရိုင်အတွင်း ကားငှားပြီး လူစုလူဝေးဖြင့် ရန်ကုန်ပြန်သူများကို နေရပ်ပြန်ပို့
DVB
·
April 20, 2020

COVID-19 ရောဂါကူးစက်မှု ကာကွယ်နိုင်ဖို့ သင်္ကြန် ရုံးပိတ်ရက်ပြည့်ပြီး ဧရာဝတီတိုင်း အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်ရှိ စက်ရုံ အလုပ်ရုံတွေမှာ ပြန်လည်အလုပ်လုပ်ကိုင်ဖို့ လူအစုလိုက် ကားငှားပြန်မဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တားဆီးကာ နေရပ် ပြန်ပို့ပေးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ ကားဂိတ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကို ဧပြီလကုန်အထိ သွားလာခွင့်တွေ ကန့်သတ်ထားသလို ၅ ဦးထက်လူစုလူဝေး မလုပ်ဖို့ ထုတ်ပြန်ထားတာပါ။
တလုတ္ထော်နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းသူက “ကျနော်တို့စခန်းက ခု ၂၄ နာရီစစ်ဆေးရေးဂိတ်ချထားလိုက်ပြီ။ ဟင်္သာတအဝင်မှာ စစ်ဆေးပြီး ကြံခင်းဘက်ကနေ ရန်ကုန်သွားမယ့် လူဦးရေ ၄၆ ဦးကို တွေ့လို ဧပြီ ၁၉ ရက်နေ့က သူတို့လာတဲ့ ကြံခင်းကို ပြန်ပို့လိုက်တယ်။ ခုက ကားတွေကို လူစုလူဝေးနဲ့ သွားလာခွင့် မပေးထားဘူးလေ။ အဲတော့ မသွားစေချင်ဘူး၊ သွားလာလို့ စစ်ဆေးတာတွေရှိရင်တော့ နေရပ်ပြန်ပို့ခံရမှာပဲ” လို့ ပြောပါတယ်။
ရန်ကုန်ကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ကြံခင်းနေ ကိုအောင်ကျော်က “ကျနော်တို့ ကုမ္ပဏီကတော့ လာလို့ရရင်လည်းလာ၊ မရသေးရင်လည်းနေ အလုပ်တော့ မဖြုတ်ဘူး၊ လခကတော့ မရဘူးလို့ ပြောတယ်ဗျ။ အချို့စက်ရုံတွေက ရုံးဖွင့်ရက် ပြန်မရောက်ရင် အလုပ်ဖြုတ်မယ်၊ ဘာညာဆိုတော့ လူစုပြီး ကားငှားသွားရတာပေါ့။ ဒါပေမဲ့ ခုလို တားဆီးနေတာ ဆိုရင်တော့ သူတို့အလုပ်ပြုတ်နိုင်တယ်။ ဒါတွေကို သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနက ခုကာလမှာ ကြားဝင်ဆောင်ရွက်ပေးစေချင်တယ် အလုပ်မပြုတ်ရေးပေါ့” လို့ ပြောပါတယ်။
ဧပြီ ၂၀ ရက်နေ့မှာလည်း ထူးကြီးမြို့မှာ မော်တော်ယာဉ်တွေ စစ်ဆေးမှုပြုလုပ်နေစဉ် ကားနဲ့ မြန်အောင်ဘက်က ရန်ကုန်သွားတဲ့ လူ ၄၀ ကျော်ကို တားဆီးစစ်ဆေးပြီး မြန်အောင်ဘက်ကို ပြန်ပို့လိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဟင်္သာတခရိုင်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက်လူမှုရေးအသင်းတွေ၊ ကျန်းမာရေးဌာနနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ထူးကြီးမြို့၊ တလုတ္ထော်မြို့၊ ဟင်္သာတမြို့၊ ဇလွန် စတဲ့မြို့တွေမှာ စီမံချက်ချပြီး လူစုလုဝေးနဲ့သွားလာတဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးနေတာပါ။