DVB Logo
Home
မြန်မာသတင်း
ကျွန်းလှမြို့နယ်တွင် စောင့်ကြည့်ခံ ၁ ဦးက အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ထိုးမှု ဖြစ်ပွား
DVB
·
April 20, 2020
ကျွန်းလှမြို့နယ်တွင် စောင့်ကြည့်ခံ ၁ ဦးက အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ထိုးမှု ဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တင်းတိန်ယံကျေးရွာက Quarantine Center မှာ ဧပြီ ၁၉ ရက်နေ့ ညဦးပိုင်းက နိုင်ငံခြားကပြန်လာတဲ့ စောင့်ကြည့်ခံတဦးက ကျေးရွာအုပ်ချုပ်ရေးမှုးကို ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့ပါတယ်။

ကျေးရွာစာသင်ကျောင်းမှာ Community Base Facility Quarantine အဖြစ် ပြည်တွင်းပြန်၊ ပြည်ပပြန်နဲ့ ကိုဗစ်ကာကွယ်ရေးကော်မတီဆိုပြီး အဆောင် ၃ ဆောင် ထားရှိပါတယ်။ 

ပြစ်မှုကျူးလွန်သူ ကျော်ခိုင်ဆိုသူဟာ တရုတ်ကနေပြန်လာပြီးနောက် ရွာမှာ Quarantine ဝင်နေတာ ၁၃ ရက်ရှိပြီဖြစ်ပြီး အခင်းဖြစ်တဲ့နေ့ကတော့ ပြည်တွင်းပြန်တွေထားတဲ့အဆောင်ကို ကူးသန်းသွားလာတာကြောင့် မလုပ်ဖို့ တားမြစ်တာကို မကျေနပ်အတွက် ဓားနဲ့ထိုးတာဖြစ်နိုင်တယ်လို့ ကျေးရွာ ကိုဗစ်ကာကွယ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းလှိုင်က ပြောပါတယ်။

ရွာမှာ Q ဖွင့်ထားတာ ပထမအသုတ်က ၁၄ ရက်ပြည့်လို့ ပြန်လွှတ်ပြီးပြီ။ အခုက ဒုတိယအသုတ်ပေါ့။ ပြည်ပပြန် ၆ ယောက်နှင့် ပြည်တွင်းပြန် ၄ ယောက်ရှိတယ်။ အဆောင်ခွဲထားတာကို မသွားဖို့၊ စည်းနဲ့ ကမ်းနဲ့ နေဖို့တားတာကနေ စကား ကတောက်ကဆဖြစ်ပြီး မကျေနပ်လို့ လုပ်တာပေါ့ဗျာ။ လုပ်တာတော့ အသေလုပ်တာပဲ။ ရှောင်တိမ်းလို့ လက်မောင်းနှင့် လည်ပင်းမှာ ပြတ်ရှဒဏ်ရာတွေ ရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။ ကျူးလွန်သူကိုလည်း ဒီမနက် ဖမ်းဆီးရမိပါပြီ။

အရိုးအသွား ၁၀ လက်မခန့်ရှိ သစ်သားရိုးတပ် ဓားဦးချွန်နဲ့ ထိုးခဲ့တာဖြစ်ပြီး ဓားထိုးခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးခင်မောင်စောမှာတော့ လည်ပင်းမှာ ပြတ်ရှဒဏ်ရာမှာ ၉ ချက်၊ လက်မောင်းဒဏ်ရာမှာ ၂၁ ချက် ချုပ်လိုက်ရပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။

စစ်ကိုင်းတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်က ဒီမနက် အစောကြီး ဖမ်းမိထားပြီ။ ကျေးရွာအုပ်ချုပ်ရေးအာဏာပိုင်တွေကိုလည်း ရန်ပြုတယ်။ သက်ဆိုင်ရာ ကျန်းမာရေးကူညီနေသူတွေကိုလည်း ရန်ပြုတယ်။ အဲဒီအတွက် ပြည်သူ့ဝန်ထမ်းကို အပြင်းအထန် ဒဏ်ရာရရှိစေမှု၊ နာကျင်စေမှု ပုဒ်မ ၃၃၃ နဲ့ အရေးယူဆောင်ရွက်သွားမှာပါ လို့  ပြောပါတယ်။

Quarantine ဝင်နေသူတွေက ထမင်းပို့ပေးမယ့်သူ မရှိတော့ ကိုယ်တိုင်ချက်စားဖို့ ခွင့်ပြုပေးထားတာဖြစ်ကာ ဓားလည်း သုံးစွဲခွင့်ပြုထားတာပါ။ အဲဒီလိုဖြစ်လာမယ်လို့လည်း မထင်တဲ့အတွက် ခွင့်ပြုထားခဲ့တာလို့ ကိုဗစ်ကော်မတီဝင်က ပြောပါတယ်။ 

ထပ်မံညှိနှိုင်းတိုင်ပင်ပြီး ကြပ်မတ်သွားဖို့ စီစဉ်သွားမှာဖြစ်ပြီး ရွာကနေ အခက်အခဲတွေကြားက ကပ်ရောဂါကို ကာကွယ်နေကြချိန်မှာ ဒီလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဦးဝင်းလှိုင်က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ အမိန့်ညွှန်ကြားချက် မလိုက်နာတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူထားတာ ၁၈ မှု၊ တာဝန်ဝတ္တရား နှောင့်ယှက်တာ၊ ခြိမ်းခြောက်ဟန့်တားတာတွေနဲ့ပတ်သက်ပြီး ဆက်စပ်တရားစွဲဆိုတာ ၁၂ မှု ရှိထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013