DVB Logo
Home
Lead Story
အဝေးရောက်သူတ​ဦးမှ တက်ကြွလှုပ်ရှားသူလူငယ်သို့ ပေးစာများ မိတ်ဆက်
DVB
·
July 31, 2026
အဝေးရောက်သူတ​ဦးမှ တက်ကြွလှုပ်ရှားသူလူငယ်သို့ ပေးစာများ မိတ်ဆက်
Donate to DVB

အမှန်တရား ထုတ်ဖော်ပြောဆိုသူများအတွက် ပြည်ပမှ အကြံပြုစာ

တကိုယ်ရေ နာကျင်မှု၊ ခံပြင်းဒေါသနဲ့ တရားမျှတမှုအပေါ်ထားရှိတဲ့ ကတိကဝတ်​တွေက ကျမတို့လို တက်ကြွလှုပ်ရှားသူ အများအပြားရဲ့ ဘဝခရီးလမ်းကို အဆုံးအဖြတ်ပေးတဲ့ အရာတွေ ဖြစ်ပါတယ်။ ကလေးဘဝက တွေ့မြင်ခဲ့ရတဲ့ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့၊ ထိုမတရားမှုတွေနဲ့ ပတ်သက်တဲ့ မခံချင်စိတ်​တွေက ခုခံတွန်းလှန်ရေး၊ သွေးစည်းညီညွတ်ရေးနဲ့ တန်းတူညီမျှမှုနဲ့ တရားမျှတမှု ရှာဖွေ‌ရေးအတွက် ဘဝတခုလုံး နှစ်မြုပ်ဆောင်ရွက်ဖို့ရာအတွက် အခြေခံအုတ်မြစ် ချမှတ်ပေးခဲ့ပါတယ်။

ကျမ ကလေးဘဝက အမေ့အပေါ် အဖေက နိုင်ထက်စီးနင်း ပြုမူမှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ အမေ ကြုံတွေ့ခံစားရတာကို ခံပြင်းဒေါသဖြစ်ပြီး ရှိသမျှအားနဲ့ ဝင်ရောက်တားဆီး ဖြစ်ခဲ့ပါတယ်။ ကျမရဲ့ ဖီဆန်မှုက အဖေ့စိတ်ကို တစုံတခု ပြောင်းလဲသွားစေခဲ့ပုံ ရပါတယ်။ အဖေဟာ သူ့ကိုယ်ကို ပိုပြီး ပြန်လည်သုံးသပ်လာခဲ့တယ်လို့ ထင်တယ်။ နောက်ပိုင်းမှာ​ အဖေက မိသားစုနဲ့ ခပ်ခွာခွာမှာ နေခဲ့​ပေမဲ့လည်း သူဟာ ကျမရဲ့ ဘဝခံယူချက်အပေါ် ကြီးမားတဲ့ လွှမ်းမိုးမှုတွေ ရှိလာခဲ့ပြီး ဝေဖန်ပိုင်းခြားတတ်​စေတဲ့ ဉာဏ်ပညာနဲ့ အတွေးအခေါ်​တွေ ထားသွားခဲ့ပါတယ်။ အဲဒါကတော့ ပြောင်းလဲခြင်းဆိုတာ ဖြစ်နိုင်​ပေမဲ့လည်း ဖြစ်ခဲ့ပြီးသား ထိခိုက်နာကျင်မှု​တွေကိုတော့ အဲ့ဒီ​ပြောင်းလဲမှုက မဖျောက်ဖျက်ပေးနိုင်ကြောင်း အဖေက ကျမကို သင်ကြားမှု ဖြစ်​စေခဲ့တာပါ။ အဖေ့အပေါ်ထားတဲ့ ကျမရဲ့ ခံစားချက်က လေးစားစိတ်နဲ့အတူ နက်ရှိုင်းတဲ့ ခံပြင်းဒေါသစိတ်တို့ ရောထွေးနေခဲ့ပြီး အဲ့ဒီခံစားချက်​တွေက တရားမျှတမှုနဲ့ ငြိမ်းချမ်း​ရေးအတွက် အလုပ်လုပ်တဲ့အခါ ​တွေ့ကြုံရတဲ့ ရှုပ်ထွေးတဲ့ ခံစားချက်​တွေကို ကိုင်တွယ်တတ်အောင် ကျမကို သင်ပေးခဲ့ပါတယ်။

ကျမ အရွယ်ရောက်လာတဲ့အခါမှာ​တော့ ခံပြင်းဒေါသစိတ်က မတရားမှုကို တွန်းလှန်ရာမှာ ကြီးမားတဲ့ တွန်းအားတခု ဖြစ်နိုင်ကြောင်းရယ်၊ သို့​ပေမဲ့လည်း သိမြင်နားလည်မှု၊ မိမိကိုယ်ကိုယ် နှိမ့်ချနိုင်မှုနဲ့ ကိုယ့်ရင်ထဲက ခံစားချက်နဲ့ တခြားသူ​တွေရဲ့ ရင်ထဲက ခံစားချက်​တွေကို နှလုံးသားဖွင့်ပြီး လေးလေးနက်နက် နားထောင်လိုတဲ့ စိတ်ဆန္ဒ​​တွေ ရှိမှသာ အပြောင်းအလဲအတွက် အမှန်တကယ် ခွန်အားကြီးတဲ့ တွန်းအားတခု ဖြစ်နိုင်တာကို နားလည်လာခဲ့ပါတယ်။ ဒါ​​​ကြောင့်လည်း အပြောင်းအလဲဆိုတာ အမှန်တကယ် ဖြစ်နိုင်တယ်ဆိုတဲ့ လေးနက်တဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တို့ရဲ့ စေ့ဆော်မှုနဲ့ အိမ်တွင်းမှာ အမေ့အတွက် ခုခံတွန်းလှန်မှုကနေ စတင်ခဲ့တဲ့ ကျမရဲ့ ခရီးလမ်းဟာ နောက်ပိုင်းမှာ ၁၉၈၈ ကျောင်းသားအရေးအခင်းမှာ ပါဝင်လှုပ်ရှားတဲ့ အဆင့်ကို ရောက်လာခဲ့ပါတယ်။ တက်ကြွလှုပ်ရှားမှုဆိုတာ အမြဲတမ်း မြင်သာကြားသာတဲ့ အရာတခု မဟုတ်ကြောင်းကိုလည်း အချိန်ကြာလာတာနဲ့အမျှ ကျမ နားလည်လာခဲ့ပါတယ်။ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တာက တက်ကြွလှုပ်ရှားမှု ဖြစ်နိုင်သလို တခါတရံမှာ မှား​နေတဲ့ အရာတခုကို လက်မခံဘဲ တိတ်တဆိတ် ငြင်းဆန်တာ၊ လူအများ သက်သောင့်သက်သာမဖြစ်တဲ့ မေးခွန်း​တွေကို မေးရဲတဲ့ သတ္တိရှိတာ၊ တခြားသူ​တွေ မျက်နှာလွှဲလိုက်ကြတဲ့တိုင် မလျှော့တဲ့ဇွဲနဲ့ တရားမျှတမှု ဆက်လက်ရှာဖွေတာတွေကလည်း တက်ကြွလှုပ်ရှားမှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်​နေတဲ့ ဖိနှိပ်မှု​တွေဟာ အလွှာလိုက် အဆင့်လိုက် ဖြစ်တည်နေတာကို ကျမဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ​တွေက ကျမကို သင်ကြားပေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် နှောင်းပိုင်း တော်လှန်ရေးမှာ ပါဝင်ဖို့ မြို့ပြကို စွန့်ခွာခဲ့တဲ့ ကျမဟာ ဖယ်ကြဉ်ခံ တိုင်းရင်းသားလူမျိုးစု အသိုက်အဝန်းတွေကြား ရောက်သွားတဲ့အခါ မြို့ပြနေ ဗုဒ္ဓဘာသာဝင် မြန်မာ/ဗမာ အမျိုးသမီးတဦး အနေနဲ့ မိမိရရှိခံစားခဲ့ရတဲ့ အခွင့်ထူး​တွေကို ပြန်လည်​တွန်းလှန်ရပါတယ်။ တရားမျှတမှုအတွက် တိုက်ပွဲဆိုရာမှာ လူမျိုးစု၊ ဂျန်ဒါနဲ့ ဘာသာရေး အခြေပြု ဖိနှိပ်မှုတွေ အပါအဝင် ဖိနှိပ်မှုအားလုံးအတွက် တိုက်ပွဲဝင်ရတာ ဖြစ်တယ်ဆိုတာကို နားလည်လာခဲ့ပြီး နောက်မှာ​တော့ စနစ်တခုလုံး ပြောင်းလဲနိုင်ရေး ကြိုးပမ်းရတဲ့ တက်ကြွလှုပ်ရှားမှုအပေါ် ထားတဲ့ ကျမရဲ့ သန္နိဋ္ဌာန် ပိုမိုခိုင်မာလာခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူ တဦးဖြစ်ခြင်း ဆိုတာ အမြဲတမ်း မှန်နေရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ နှလုံးသားနဲ့ နားထောင်ပေးပြီး သင်ယူလိုတဲ့ ဆန္ဒရှိတာ၊ အမှားလုပ်ကာ မိမိကိုယ်ကိုယ် ပြန်လည်ဆင်ခြင်ပြီး အမှားပြင်ဆင်တာ၊ စိတ်ဆန္ဒမှန်နဲ့ ဝန်ချတောင်းပန်တာနဲ့ ပိုမိုတရားမျှတမှုရှိတဲ့ ကမ္ဘာကြီးဖြစ်လာအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်တာကို ဆိုလိုတာဖြစ်တယ်လို့ ကျမ သင်ယူခဲ့ရပါတယ်။

ကျမရဲ့ ခရီးလမ်းဟာ အတက်အကျများစွာ ရှိခဲ့သလို ဝမ်းနည်းကြေကွဲစရာတွေနဲ့လည်း မကင်းခဲ့ပါ။ စစ်အုပ်စု အားနည်းသွားတဲ့ လက္ခဏာတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတဲ့အခါ အားတက်မိပေမဲ့ ကျမတို့ရဲ့ လှုပ်ရှားမှုကို ဖြိုခွင်းဖို့ စစ်အုပ်စုရဲ့ သွေးခွဲအုပ်ချုပ်တဲ့ နည်းလမ်းက အလုပ်ဖြစ်နေသေးကြောင်း မြင်တွေ့ရတဲ့ အခါတိုင်းမှာ​တော့ ကျမ စိတ်ဓာတ်ကျမိပါတယ်။ ၂၀၁၂ ခုနှစ်မှာ စစ်တပ်က သူတို့စနစ်တကျ စီမံထိန်းချုပ်ထားတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တခုကို အကောင်အထည်ဖော်ပြီး ကမ္ဘာကြီးနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ နိုင်ငံကို တံခါးဖွင့်ခဲ့ပါတယ်။ လူတဦးတယောက်ချင်းစီရဲ့ စိတ်အပြောင်းအလဲဟာ မဟာမိတ် အစုအဖွဲ့တွေအပေါ် ဘယ်လိုဘယ်ပုံ သက်ရောက်မှု ဖြစ်စေကြောင်းနဲ့ အဲဒီကတဆင့် ​တော်လှန်​ရေး/လှုပ်ရှားမှု တခုလုံးကို ဘယ်လိုဘယ်ပုံ ရိုက်ခတ်မှု ဖြစ်စေနိုင်ကြောင်း အဲဒီကာလ အတွေ့အကြုံတွေက ကျမကို နားလည်လာစေခဲ့ပါတယ်။ တချို့ခေါင်းဆောင်တွေနဲ့ ရဲဘော်ရဲဘက်တွေက ကျမတို့ အတူတကွ ယုံကြည်ထားခဲ့ကြတဲ့ ဘုံကျင့်ဝတ်စံနှုန်းတွေနဲ့ တန်ဖိုးတွေကို စွန့်ခွာသွားကြတဲ့ အခြေအနေနဲ့ ကြုံလာရတဲ့အခါ ကျမအနေနဲ့ မျှော်လင့်ချက်မဲ့သလို ခံစားခဲ့ရပါတယ်။ ဒါကြောင့် ကျမရဲ့ တက်ကြွလှုပ်ရှားမှုဟာ ဘယ် ပုဂ္ဂိုလ် တဦးတယောက် ဒါမှမဟုတ် ဘယ်ခေါင်းဆောင် တဦးတယောက်အပေါ်မှာမှ မှီတည်နေတာမဟုတ်ဘဲ ကျမကိုယ်တိုင်ရဲ့ ယုံကြည်ချက်အပေါ်မှာသာ မှီတည်နေတယ် ဆိုတာကို ပြန်လည်သုံးသပ် ​​​သေချာ​စေခဲ့ရပါတယ်။ အဲဒီအချိန်က ခံစားရတဲ့ အထီးကျန်လာတဲ့ ခံစားချက်က ကျမကို သင်ခန်းစာတခု ပေးခဲ့ပါတယ်။ လှုပ်ရှားမှုတွေဟာ ပြည်သူလူထုအပေါ်နဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာပြတ်သားမှု အပေါ်မှာသာ အခြေခံရမယ်ဆိုတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာ ကျမတို့ လေးစားအားကျရသူတွေ ဖြစ်နိုင်သလို ကျမတို့ကို စိတ်ပျက်စေသူတွေလည်း ဖြစ်နိုင်ပါတယ်။ ရဲဘော်ရဲဘက်တွေဟာလည်း ကျမတို့ကို စွန့်ခွာကောင်း စွန့်ခွာသွားနိုင်ပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှု တခုစီတိုင်းရဲ့ အင်အားအစစ်အမှန်ဟာ မတရားမှုကို ဆန့်ကျင်သူတွေရဲ့ စုပေါင်းမျှော်မှန်းချက်နဲ့ ရင်ဆိုင်အံတု ခုခံနိုင်စွမ်းပေါ်မှာသာ ကိန်းဝပ်တည်ရှိပါတယ်။ ၁၉၈၈ ခုနှစ် မတ်လကတည်းက အစပြုခဲ့တဲ့ ကျမရဲ့ တက်ကြွလှုပ်ရှားမှု ခရီးစဥ်ဟာ ဘယ်ခေါင်းဆောင် ဒါမှမဟုတ် တခြားဘယ်သူတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ဘယ်​သောအခါမှ မှီတည်နေခဲ့တာ မဟုတ်ကြောင်း ဒီလို ခက်ခဲတဲ့အချိန်တွေက အတည်ပြုပေးခဲ့ပါတယ်။ ကျမလျှောက်ခဲ့တဲ့လမ်းဟာ ကျမရဲ့ ပုဂ္ဂလိက ခံယူချက်နဲ့ ဖိနှိပ်ခံပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်စွာ ရပ်တည်တဲ့အပေါ်မှာပဲ အမြဲတမ်း အခြေပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးလှုပ်ရှားမှု​တွေက ကျမရဲ့ တက်ကြွလှုပ်ရှားသူဘဝ သင်ယူမှုတွေနဲ့ ခံယူချက်တွေရဲ့ အခရာကျတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဖယ်ကြဉ်ခံ တိုင်းရင်းသား လူနည်းစုတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်အဖြစ် အသုံးပြုခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်တဲ့လုပ်ရပ်တွေ အပါအဝင် တိုင်းရင်းသားလူနည်းစု အမျိုးသမီး​တွေ ရင်ဆိုင်ကြုံတွေ့​နေခဲ့ရတဲ့ စနစ်​​ခြေခံ အကြမ်းဖက်မှုတွေ အကြောင်းကို ကျမရဲ့ တက်ကြွလှုပ်ရှားသူဘဝ အစောပိုင်းကာလမှာ လွယ်လွယ်နဲ့ နားလည်ခဲ့တာ မဟုတ်ပါ။ အချိန်ကြာပြီးခါမှ အသက်ရှင်သန် လွတ်မြောက်လာသူ​တွေရဲ့ ရင်ဖွင့်သံ​တွေကို နားထောင်ရင်း သူတို့နဲ့အတူ ရပ်တည်ပေးရင်း လူ့အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ အာဏာဖွဲ့စည်းပုံ စနစ်​တွေဟာ အကြမ်းဖက်မှု​တွေကို ဘယ်လိုဘယ်ပုံ သက်ဆိုးရှည်စေပြီး ကျူးလွန်ခံရသူ​တွေကို နှုတ်ဆိတ်အောင် ဘယ်လိုဘယ်ပုံ ပြုလုပ်နေကြောင်းကို သိမြင်နားလည်လာခဲ့တာ ဖြစ်ပါတယ်။ လူများစုဝင်တယောက် ဖြစ်မှုက ရရှိခဲ့တဲ့ အခွင့်ထူးတွေက အဆိုးရွားဆုံး ဖယ်ကြဉ်ဖိနှိပ်ခံရမှု​တွေနဲ့ ကြုံတွေ့နေရသူ (အနည်းစုဝင်) ​တွေရဲ့ နေ့စဉ်ဘဝ အရှိတရားတွေကို အပြည့်အဝ နားလည်ပေးနိုင်ဖို့ ခက်ခဲစေခဲ့ပါတယ်။ ဒါပေမဲ့လည်း မတူညီမှုတွေကြားက အတူတကွ စုစည်းပြီး အဆိုးရွားဆုံး ထိခိုက်နစ်နာသူ​တွေရဲ့ အသံ​တွေကို ဗဟိုပြုပြီး အပြောင်းအလဲကို ကိုယ်တိုင်ထုဆစ်ပုံဖော်မှသာ စစ်မှန်တဲ့အပြောင်းအလဲ အမှန်တကယ် ဖြစ်လာနိုင်မယ် ဆိုတာကို နောက်ပိုင်းမှာ ရှင်းရှင်းလင်းလင်း သိလာခဲ့တယ်။

မြေပြင်အမျိုးသမီးထုရဲ့ မျှော်မှန်းချက်တွေ၊ အထူးသဖြင့် မြန်မာစစ်တပ်က စနစ်တကျ ကျူးလွန်လာခဲ့တဲ့ အကြမ်းဖက်မှု၊ ပဋိပက္ခနဲ့ ဖိနှိပ်မှု​တွေကို အများဆုံး ကြုံတွေ့ခံစားခဲ့ရတဲ့ အမျိုးသမီး​တွေရဲ့ မျှော်မှန်းချက်တွေအပေါ် အခြေခံမှသာ ကျမတို့ရဲ့ ခုခံတွန်းလှန်မှု ဗျူဟာတွေက စစ်မှန်တဲ့ တိုးတက်မှုတွေ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ပန်းတိုင်ဟာ ဆုံးဖြတ်ချက် ချမှတ်တဲ့ နေရာတွေ ဒါမှမဟုတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသမီး​တွေ ပါဝင်ခွင့်ရဖို့ သက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံမှာ စုပေါင်းခေါင်းဆောင်မှုနဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းတို့ရဲ့ သဘောသဘာဝနဲ့ အနှစ်သာရရဲ့ အဓိပ္ပါယ်ကို ​အောက်​ခြေအဆင့်ကစလို့ ပြန်လည်ဖွင့်ဆိုနိုင်ဖို့ ဖြစ်ရပါမယ်။

ကျမ​ အနေနဲ့ကတော့ ကျမရဲ့ ပင်ကိုယ်စွမ်းရည်၊ ခံပြင်းဒေါသစိတ်နဲ့ ကိုယ်ပိုင်ကတိကဝတ် ထားရှိမှုတို့က ကျမရဲ့ ခွန်အားအရင်းအမြစ်​တွေဖြစ်တယ်​ ဆိုတာကို အမြဲ အလေးအနက်ထား သိရှိနေခဲ့တာပါ။ စာဖတ်သူတို့လည်း ကျမနည်းတူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ခံစားချက်များလွန်းသူ၊ အစွန်းရောက်သူ ဒါမှမဟုတ် ခေါင်းမာလွန်းသူ စသဖြင့် အရာရာမှာ “အလွန်အကျွံဖြစ်လွန်းသူ” လို့ အပြောခံရနိုင်ပါတယ်။ ဒါပေမဲ့ အခုလို နက်ရှိုင်းတဲ့ ခံစားချက်တွေဟာ တော်လှန်စိတ်၊ စာနာစိတ်နဲ့ ကရုဏာစိတ်ကို လောင်စာဖြည့်ပေးတဲ့ အရာတွေ ဖြစ်ကြောင်းကို​တော့ စာဖတ်သူတို့ကို ကျမ ရဲရဲပြောနိုင်ပါတယ်။ ကျမတို့ဟာ အကြောက်တရားကြောင့် နှုတ်ဆိတ်နေလိုက်ရတဲ့ အဖြစ်မျိုး လုံးဝ အရောက်မခံသင့်ပါ။ ကမ္ဘာကြီးက ကျမတို့အားလုံးရဲ့ သတ္တိ၊ ပြတ်သားမှုနဲ့ တရားမျှတမှု အပြည့်အဝ မရမချင်း လက်မလျှော့တဲ့ စိတ်ဓာတ်ကို လိုအပ်နေပါတယ်။

ကျမရဲ့ တက်ကြွလှုပ်ရှားသူ ဘဝက အိမ်တွင်းမှာ ​အမေ့အပေါ် နိုင်ထက်စီးနင်း ပြုခံရမှုကို ဆန့်ကျင်ဖီဆန် တုံ့ပြန်တဲ့ အပြုအမူငယ်လေး​တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် စာသင်ကျောင်းအတွင်းနဲ့ ရပ်ရွာအတွင်း ခွဲခြားဆက်ဆံမှု​တွေကို ဆန့်ကျင်ရင်း အဲဒီကမှတဆင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အကြမ်းဖက်မှု​တွေကို ဆန့်ကျင်တဲ့ အဆင့်ကို ရောက်လာခဲ့တာပါ။ စာဖတ်သူတို့ရဲ့ ဖြတ်သန်းမှုက ကျမနဲ့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမဲ့လည်း ဘယ်လိုအကြောင်းကြောင့် တက်ကြွလှုပ်ရှားသူတွေ ဖြစ်လာကြတာဖြစ်ပါစေ ကျမတို့ဟာ အလုံးစုံ ပြီးပြည့်စုံသူတွေဖြစ်ဖို့ မလိုအပ်ကြောင်းနဲ့ အရာအားလုံးအတွက် အဖြေရှိသူတွေဖြစ်ဖို့ မလိုအပ်ကြောင်းကို​ဖြင့် သတိမူ​စေချင်ပါတယ်။ ကျမတို့မှာ ဖိနှိပ်သူတွေဘက်က ရပ်တည်ပေးလိုတဲ့ဆန္ဒ၊ မေးခွန်းထုတ်လိုတဲ့ ဆန္ဒနဲ့ အခက်အခဲတွေကြားမှာ မလျှော့တဲ့ ဇွဲနဲ့ ဆက်လက်လျှောက်လှမ်းလိုတဲ့ စိတ်ဆန္ဒ ရှိဖို့သာ အရေးကြီးပါတယ်။ ကျမတို့ရဲ့ တော်လှန်တဲ့လုပ်ရပ် တခုစီတိုင်းဟာ ကျမတို့ကို တန်းတူညီမျှမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့နဲ့ နီးသထက်နီးလာအောင် ဆောင်ကြဉ်းပေးနေတဲ့ အရာတွေ ဖြစ်ပါတယ်။

ကျမအနေနဲ့ “လူငယ်တက်ကြွလှုပ်ရှားသူ တဦးထံသို့ပေးစာ” ဆိုတဲ့ ခေါင်းစဉ်​နဲ့ ကျမရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ သမိုင်းဖြတ်သန်းမှုတွေနဲ့ အချိန်ကာလ အပိုင်းအခြားအလိုက် လူထုလှုပ်ရှားမှု တည်ဆောက်ရေး ဖြစ်စဉ်တွေကို အခြေခံပြီး မြန်မာနိုင်ငံအကြောင်း ပြန်လည်ဆန်းစစ် သုံးသပ်မိတာတွေကို နှစ်ပတ်တကြိမ် ​ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ကျမရဲ့ ကိုယ်ပိုင် စိတ်ခံစားချက်တွေကိုလည်း မျှဝေသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတဦးချင်းစီအပေါ် သက်ရောက်တဲ့ နိုင်ငံရေး၊ ဖိနှိပ်ချုပ်ချယ်မှုနဲ့ အကြမ်းဖက်မှုတို့ရဲ့ ရိုက်ခတ်မှုတွေကို နားလည်မှသာ ကျမတို့​တွေ အပြန်အလှန်ယုံကြည်မှုနဲ့အတူ၊ မလျှော့သောဇွဲနဲ့ စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက်​ကြောင့်ပါ​။ ကျမအနေနဲ့ သွေးစည်းညီညွတ်မှု၊ မျှဝေဖလှယ်မှု စိတ်ထား၊ အရေးကြီးဆုံး​ဖြစ်တဲ့ မျှော်လင့်ချက်အ​ပေါ် ယုံကြည်မှုတို့ကို အခြေခံပြီး ဒီစာတွေကို ရေးသားရတာ ဖြစ်ပါတယ်။ ကျမရဲ့ ​ပေးစာ​တွေဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို လျှောက်လှမ်းနေကြတဲ့ စာဖတ်သူ တက်ကြွလှုပ်ရှားသူ လူငယ်တွေ ကိုယ်တိုင် ဖြတ်သန်း​လျှောက်လှမ်း​နေတဲ့ ခရီးအတွက် တစုံတရာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်လျှက်…...။

သွေးစည်းညီညွတ်စွာဖြင့်

ခင်ဥမ္မာ

(ဒေါ်ခင်ဥမ္မာသည် မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာလူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့၏ တည်ထောင်သူ တဦးလည်း ဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံအတွက် ‘အမျိုးသမီးငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်’ ကို ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အထိ အစီအစဉ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013