ပြည်ကနေ ထွက်မည့် ရထား ၄ စီး ဧပြီလကုန်အထိ ထပ်မံရွှေ့ဆိုင်း
DVB
·
April 20, 2020

ပြည်ကနေ ပြေးဆွဲနေတဲ့ ရထား ၄ စီးရဲ့ ထွက်မယ့်ရက်တွေကို နောက်ထပ် ၂၁ ရက်အထိ ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။
အရင်က COVID-19 ရောဂါပျံ့နှံမှု ထိန်းချုပ်နိုင်ဖို့ ဧပြီ ၁၁ ရက်နေ့က စတင်ပိတ်သိမ်းခဲ့ပြီး ဧပြီ ၁၉ ရက်နေ့မှာ ရထားတွေ ပြန်လည်ထွက်ဖို့အတွက် တရားဝင်ကြေညာထားတာပါ။
ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုက ဆက်လက်ဖြစ်ပေါ်နေသးတာကြောင့် အခုပိတ်သိမ်းထားတဲ့ ရထား ၄ စီးလုံးကို အခုလာမယ့် ဧပြီ ၃၀ အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ပြည်ဘူတာ အထူးတန်းရုံပိုင်ကြီး ဦးစောညိုလှက ပြောပါတယ်။
ပြည်ကထွက်တဲ့ ရထား ၄ စီးကို ပိတ်သိမ်းထားခဲ့ပေမဲ့ ပြည်ကနေ ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်ကို ထွက်တဲ့ ကုန်ရထားတစီးကိုတော့ ကုန်စည်စီးဆင်းတာ မရပ်စေဖို့ ဆက်လက်ထွက်နေခဲ့ပါတယ်။
ဒါပေမဲ့ ဧပြီ ၁၈ ရက်နေ့ကစပြီး ပဲခူးတိုင်းအတွင်းက မြို့နယ်တွေအားလုံးမှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာကြောင့် အရင်ပြေးဆွဲနေတဲ့ ပြည်မြို့က ကုန်ရထား ထွက်တဲ့အချိန်ကိုလည်း ပြောင်းလဲလိုက်ပြီလို့ အထူးတန်းရုံပိုင်ကြီးက ဆိုပါတယ်။