စက်ရုံ၊ အလုပ်ရုံများကို သတ်မှတ်ချက်နှင့်ကိုက်ညီမှ လုပ်ကိုင်ခွင့်ပြုမည်
DVB
·
April 20, 2020
COVID-19 ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ တနိုင်ငံလုံးက စက်ရုံအလုပ်ရုံ၊ အလုပ်ဌာနတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ပြန်ဖွင့်ခွင့်ပြုမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ဆေးမှုတွေကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ရဲ့ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့တွေနဲ့ ဧပြီ ၂၀ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေကို စစ်ဆေးမှာဖြစ်ပြီး သတ်မှတ်ချက်နဲ့ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
စစ်ဆေးနေဆဲကာလဖြစ်တဲ့ ဧပြီ ၂၀ နဲ့ ၃၀ ရက်နေ့အတွင်းမှာတော့ အလုပ်သမားတွေ အလုပ်နားခွင့်ရမှာဖြစ်ပြီး လုပ်ခလစာနဲ့ ခံစားခွင့်အပိုင်းတွေကိုလည်း ဆွေးနွေးနေဆဲလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမောင်မောင်သန်းက ပြောပါတယ်။