
လမ်းပေါ် ဆိုင်ခင်းရောင်းချခွင့်ပိတ်ထားတဲ့ ရန်ကုန်၊ လသာမြို့နယ်၊ တရုတ်တန်း ၁၉ လမ်းရှိ စားသောက်တန်းကို စစ်အာဏာရှင်လက်အောက်ခံ ဒေသအာဏာပိုင်တွေက ဓာတ်ရိုက်ဓာတ်ဆင် သဘောမျိုးနဲ့ ဇွန် ၉ ရက် မနေ့ ညနေမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
၁၉ လမ်းကဆိုင်တွေ လမ်းပေါ်ရောင်းချခွင့်ကို ပြီးခဲ့တဲ့ မေ ၂၅ ကစတင် ပိတ်ခဲ့ပြီး ယခုမှ ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။
၁၉ လမ်းအတွင်း ညဈေးတန်း အဖြစ် အခုလို ဖွင့်လှစ်မှုကို မြန်မာဘီယာအသွင်ပြောင်း Keen ဘီယာနဲ့ Tiger ဘီယာတို့က အဓိက စပွန်ဆာ ပေးထားတာတွေ့ရပါတယ်။
ရန်ကုန်မြို့ခံတွေသာမက မြန်မာနိုင်ငံကို အလည်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာပါ လူသိများထင်ရှားတဲ့ တရုတ်တန်းရှိ ၁၉ လမ်း ညဈေးတန်းကို စစ်အာဏာရှင်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်နဲ့ လမ်းပေါ်မှာ ဆိုင်မခင်းဖို့ ပိတ်ပင်တားမြစ်ခဲ့တဲ့ အပေါ် မြို့ခံတွေက ဝေဖန်နေကြပါတယ်။










