
မြန်မာနိုင်ငံမှာ ဧပြီ ၁၉ ရက် ည ၈ နာရီအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၀၈ ဦးအထိရှိသွားပြီဖြစ်ပြီး ရောဂါပိုးမတွေ့ရှိတော့တဲ့ လူနာကတော့ ၇ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
အတည်ပြုလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေထပ်မံရယူကာ ၂ ကြိမ်ဆက်တိုက်စစ်ဆေးခဲ့ရာမှာ လူနာအမှတ် Case-003၊ Case-004၊ Case-007၊ Case-009၊ Case-012, Case-11 နဲ့ Case-15 တို့မှာ ရောဂါပိုးမတွေ့ရှိတော့တာပါ။
သူတို့အထဲက Case-004 နဲ့ Case-007 လူနာ ၂ ဦးက ဆေးရုံမှဆင်းခွင့်ရရှိပြီး ဆက်လက် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုနေပါတယ်။ ကျန်လူနာ ၅ ဦးကိုလည်း မကြာမီ ဆေးရုံက ဆင်းနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဒီကနေ့ ဧပြီ ၁၉ ရက် ပထမအသုတ်စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၈၈ ခုအနက် ၁ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိ ရတဲ့အတွက် ဒီကနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၁၀၈ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
ဓာတ်ပုံ- MOHS










