ပြင်ပကနေ ကယားပြည်နယ်ပြန်လာသည့် ဝန်ထမ်းအားလုံး ၂၁ ရက် စောင့်ကြည့်ခံရမည်
DVB
·
April 19, 2020

အစိုးရရုံးပိတ်ရက်ကာလ ပြီးဆုံးပြီးနောက် ကယားပြည်နယ်ကို ပြန်လည်ဝင်ရောက်လာတဲ့ ဝန်ထမ်းတွေအားလုံး သတ်မှတ်နေရာတွေမှာ ၂၁ ရက် စောင့်ကြည့်ခံကြဖို့ ပြည်နယ်အစိုးရက ညွှန်ကြားပါတယ်။
ကယားပြည်နယ်ထဲမှာ တည်ဆောက်ရေးလုပ်ငန်းတွေ အပါအဝင် လုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ ကုမ္ပဏီအသီးသီးက ဝန်ထမ်းတွေ၊ အလုပ်သမားတွေဟာ သင်္ကြန်ကာလမှာ သူတို့ရဲ့နေရပ်အသီးသီးကို ပြန်ကြပြီး အခုပြန်ရောက်လို့ လုပ်ငန်းခွင်ဝင်မယ်ဆိုရင် သတ်မှတ်နေရာတွေမှာ ၂၁ ရက် ထားမယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါ မပျံ့နှံ့စေဖို့ဖြစ်ပြီး ပြန်ရောက်လာသူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေးကော်မတီရုံး (မြို့နယ်အုပ်ချုပ်ရေးမှူးရုံး)ကို မပျက်မကွက် သတင်းပို့ကြဖို့ အသိပေးထားပါတယ်။
COVID-19 ရောဂါကူးစက်ပြန့်ပွားတာကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ကယားပြည်နယ်အတွင်း ဧပြီ ၁၈ ရက်နေ့ကစလို့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။