
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ညောင်ကျိုးအုပ်စုရှိ Facility Quarantine Center မှာ ဧပြီ ၁၈ ရက်မနက်ပိုင်းက သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ သားဖြစ်သူတို့မှာ COVID-19 ရောဂါပိုးမတွေ့ဘူးလို့ သိရပါတယ်။
သေဆုံးသွားတဲ့ အသက် ၇၂ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ ဧပြီ ဒုတိယပတ်က နေမကောင်းလို့ သားဖြစ်သူနဲအတူ အင်္ဂပူမြို့နယ်ကိုပြန်လာခဲ့ပြီး ညောင်ကျိုး အ.ထ.က facility quarantine center မှာ စောင့်ကြည့်နေခဲ့တာပါ။
အဲဒီအမျိုးသမီးဟာ ဖျားတာ၊ အောင့်တာတွေဖြစ်လို့ ဟင်္သာတပြည်သူ့ဆေးရုံကို ပို့ခဲ့ပြီးနောက် ဧပြီ ၁၈ ရက်မနက်ပိုင်းက သေဆုံးခဲ့ပြီး အမျိုးသမီးနဲ့ သားဖြစ်သူတို့ရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ ရောဂါပိုး မတွေ့ရဘူးလို့ ညောင်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ဒီနေ ၂ နာရီမှလောက်မှာသိရတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးရယ်၊ သူ့ရဲ့သားရယ် အားလုံးရဲ့ ဓာတ်ခွဲနမူနာအဖြေက COVID-19 ရောဂါပိုးမတွေ့ရှိပါဘူးလို့ အဖြေထွက်တယ်။”
အင်္ဂပူမြို့နယ် ညောင်ကျိုးကျေးရွာအုပ်စုမှာ ပြည်ပက ပြန်လာသူနဲ့ ပြည်တွင်းရောဂါဖြစ်ရာဒေသက ပြန်လာတဲ့သူတွေကို အ.ထ.က ညောင်ကျိုးမှာ facility quarantine center ဖွင့်ပြီး ပထမပိုင်း ၁၄ ရက်နဲ့ နောက်ပိုင်း ၂၁ ရက် စောင့်ကြည့်ပေးနေတာပါ။
သေဆုံးသွားတဲ့ အဘွားအိုဟာ အစာအိမ်ရောဂါ၊ နှလုံးရောဂါတို့နဲ့ သေဆုံးတာလို့ သိရပါတယ်။
ဟင်္သာတ ပြည်သူ့ဆေးရုံမှာ သံသယလူနာစုစုပေါင်း ၇ ဦးရှိပြီး အားလုံး COVID-19 ရောဂါပိုးမတွေ့ဘူးလို ကျန်မာရေးဌာနက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ဧပြီ ၁၈ ရက်နေ့ကစပြီး တိုင်းဒေသကြီးအစိုးရကနေ မြို့နယ် ၂၆ မြို့နယ်လုံးကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။










