
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဧပြီ ၁၈ ရက်မွန်းလွဲပိုင်းက စွန့်ပစ်မြေစာပုံ ပြိုကျတာကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု ဆွတ်နန်ကောင်ကျေးရွာနေ ဦးဝင်းကိုဟာ ကျေးရွာအနီး ပေ ၁၅၀ ခန့်မြင့်တဲ့ စွန့်ပစ်မြေစာပုံအနီး ရွှေမျှောတိုက်နေစဉ် မြေစာတွေ ပြိုကျပိမိခဲ့ပြီး သေဆုံးခဲ့တာပါ။
ဆွတ်နန်ကောင်ကျေးရွာက ပြိုကျခဲ့တဲ့ စွန့်ပစ်မြေစာပုံဟာ အန္တရာယ်ရှိကြောင်း ရွာသူ ရွာသားတွေနဲ့ ဂရင်းလင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စိမ်းလန်းအဖွဲ့တို့က ၂၀၁၉ ခုနှစ်က သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးဌာနကို တင်ပြထားခဲ့ပြီး ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံးကိုလည်း တင်ပြထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဧပြီ ၄ ရက်နေ့ကလည်း ရေမဆေးကျောက်ရှာသူတဦး မြေစာပုံကျောက်တုံး ထိမှန်ပြီး အလားတူ သေဆုံးခဲ့ပါသေးတယ်။
သေဆုံးသူ ရုပ်အလောင်းကို လူမှုကူညီရေးကားနဲ့ ဖားကန့်ဆေးရုံကြီးကို ပို့ဆောင်ကာ ဖားကန့်ရဲစခန်းက စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။










