DVB Logo
Home
မြန်မာသတင်း
အိမ်တွင်းပုန်း ကပ်ကာလ အသစ်ထွက် နီနီခင်ဇော်သီချင်းသစ်-“တစ်နေ့”(ရုပ်သံ)
DVB
·
April 19, 2020
အိမ်တွင်းပုန်း ကပ်ကာလ အသစ်ထွက် နီနီခင်ဇော်သီချင်းသစ်-“တစ်နေ့”(ရုပ်သံ)
Donate to DVB

“အားတင်းရင်း နိုးထလာခဲ့… ဒီမနက်ခင်းထဲ… ပိတ်လောင်နေတဲ့… ပြတင်းပေါက်ရဲ့ အပြင်ဘက်… ခြောက်ကပ်ကပ် နေ့ရက်တွေက… တစ်စစီ စုတ်ဖြဲလျက်… သံသယတွေနဲ့ တို့မတွေ့ဖြစ်တာကြာပြီ…  ဘယ်သူပြောနိုင်မလဲ… ဒီလိုနေ့ရက်ဆိုးတွေ ရောက်လို့လာတာ… ပြန်တွေ့ရင် တို့တစ်တွေ အပြုံးတွေနဲ့အို ပွေ့ဖက်ကာထား”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွား စာသားတွေဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။

“တစ်နေ့”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ပရိသတ်အချစ်တော် အမျိုးသမီးတေးသံရှင် နီနီခင်ဇော်က ကိုယ်တိုင်ရေးဖွဲ့ပြီး ကိုယ်တိုင်သီဆိုသရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောကာလဟာ ကမ္ဘာအနှံ့ ကပ်ရောဂါတခုလိုဖြစ်လာနေတဲ့ COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြည်သူတွေအားလုံးဟာ လူစုလူဝေးတွေနဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ရှောင်ကြဉ်ကြရတဲ့ ကာလဖြစ်တာမို့ ဒီအခြေအနေကို ပေါ်လွင်အောင် ရေးဖွဲ့ထားတဲ့ သီချင်းက ထင်ဟပ်နေခဲ့တာ ဖြစ်ပါတယ်။

“တစ်နေ့… ငါတို့တွေ ပြန်ဆုံနိုင်မယ့် တစ်နေ့… အရင်ကလို ပျော်ရွှင်နိုင်မယ့် တစ်နေ့… တစ်ကိုယ်ရေ ငါ့အခန်းထဲ မျှော်လင့်နေ… တစ်နေ့တော့… ရောက်လို့လာမှာပေါ့… ငါတို့တွေ ပြန်မဆုံခင်အထိတော့… စိတ်တင်းကာ အိမ်မှာနေဖို့ ကတိပေးနော်… ရောက်ရမယ် တစ်နေ့”

ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေဘဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော်လည်း၊ ရပ် စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)၊ ပါတီခင်ဇော် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာတော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ  သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာလည်း သူ့ကို နာမည်ကြီး လူသိများလာစေတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တစုံတရာ သီချင်းဟာ နိုင်ငံနဲ့အဝှမ်း လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေ အများကြီးချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

အခုအသစ်ထွက်ရှိလာတဲ့ “တစ်နေ့” သီချင်းမှာလည်း သူ့ရဲ့ ထူးခြားတဲ့ သီဆိုဟန်နဲ့အတူ တမူထူးခြားတဲ့ ဖန်တီးမှုအနုပညာကို ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“စဉ်းစားရင်း မွန်းကျပ်လာတဲ့… ဒီ ကမ္ဘာကြီးရဲ့… ကြောက်ရွံ့နေတဲ့… လှောင်အိမ်ထဲက ဘဝများ… လူသူမရှိတော့တဲ့… ကမ္ဘာမြေ ကျန်းမာဖို့ရာ တောင်းဆုခြွေမှာ… မယိုင်လဲစေနဲ့လေ အချစ်တွေနဲ့… အို… ကူညီလို့ဖေးမ”

လတ်တလောမှာတော့ ဒီသီချင်းကို နီနီခင်ဇော်ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်ပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သိန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ယောက်ကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ပထမဆုံးအတည်ပြုနိုင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ကူးစက်ခံရသူ စုစုပေါင်း ၁၀၇ ယောက် ရှိခဲ့ပြီဖြစ်ကာ ၅ ယောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013