DVB Logo
Home
မြန်မာသတင်း
COVID-19 ကူးစက်နိုင်ခြေရှိသူများ ရှာဖွေနိုင်ရန် ဖုန်း အက်ပလီကေးရှင်းတခု ဖြန့်ချိ
DVB
·
April 19, 2020
COVID-19 ကူးစက်နိုင်ခြေရှိသူများ ရှာဖွေနိုင်ရန် ဖုန်း အက်ပလီကေးရှင်းတခု ဖြန့်ချိ
Donate to DVB

COVID-19 ရောဂါ ကူးစက်နိုင်ခြေရှိသူတွေကို ရှာဖွေဖို့နဲ့ ကူးစက်တာကို ထိန်းချုပ်နိုင်ဖို့ ဖုန်းမှာ ထည့်သွင်းအသုံးပြုနိုင်မယ့် အက်ပလီကေးရှင်းတခုကို COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဖြန့်ချိလိုက်ပါတယ်။

စောစောရှာ (Saw Saw Shar) ဆိုတဲ့ အက်ပလီကေးရှင်းကို COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ICT နည်းပညာအထောက်အကူပြုလုပ်ငန်းအဖွဲ့ကနေ ရေးဆွဲခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ www.sawsawshar.gov.mm ကပဲ ဒေါင်းလုဒ် လုပ်ယူနိုင်ပါသေးတယ်။

မနေ့ညကမှ တရားဝင်ကြေညာလိုက်တာဖြစ်ပြီး ဒေါင်းလုဒ် လုပ်ရတာ အဆင်မပြေတာတွေတော့ ရှိနေပါသေးတယ်။

ICT နည်းပညာအထောက်အကူပြုလုပ်ငန်း အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုညီညီအောင်က “လောလောဆယ် အခက်အခဲကတော့ ဒေါင်းလုဒ်လုပ်လို့ မရတာပါ။ ကျနော်တို့အားလုံး ဒါကို ဖြေရှင်းနေကြပါတယ်။ ပြီးတော့ Google Play Store မှာလည်း တင်ထားပါပြီ။ သူတို့ Review လုပ်နေတုန်းပါ” လို့ ပြောပါတယ်။

ဒီအက်ပလီကေးရှင်းမှာ ရောဂါကူးစက်ခံခဲ့ရသူတွေနဲ့ ထိတွေ့ခဲ့နိုင်တဲ့ အချိန်၊ နေရာတို့ကို ဆက်စပ်ဖော်ပြပေးထားတာကြောင့် အသုံးပြုသူအနေနဲ့ အဲဒီနေရာတွေကို ရောက်ခဲ့တယ်ဆိုရင် အသိပေးချက်တွေ ပေးပို့မှာ ဖြစ်ပါတယ်။

ပုံမှန်နေထိုင်နေတာပဲဖြစ်ဖြစ်၊ အသွားအလာ ကန့်သတ်ခံနေရတုန်းမှာဖြစ်ဖြစ် ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို သတင်းပေးပို့နိုင်တာကြောင့် လိုအပ်တဲ့ ကုသမှုအကူအညီကိုလည်း မြန်မြန်ရနိုင်မှာ ဖြစ်ပါတယ်။

ဒီအက်ပလီကေးရှင်းကို ဒေါင်းလုဒ်လုပ်ဖို့အတွက် ဒေတာကုန်ကျစရိတ် မရှိသလို အက်ပလီကေးရှင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်အတွင်း ရယူသုံးစွဲသူတွေအနေနဲ့ တလ သုံးစွဲနိုင်မယ့် ဒေတာ 1 GB ကိုလည်း ရမှာဖြစ်ပါတယ်။

အက်ပလီကေးရှင်းသုံးမယ်ဆိုရင် ဖုန်းနံပါတ်အပါအဝင် ကိုယ့်ရဲ့ အချက်အလက်တွေကို ဖြည့်စွက်ဖို့ လိုမှာဖြစ်ပြီး ဒါတွေကို COVID-19 ကာကွယ်ထိန်းချုပ်ဖို့ကလွဲပြီး တခြားနေရာတွေမှာ သုံးမှာ မဟုတ်ဘူးလို့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆိုပါတယ်။

ကမ္ဘာအနှံ့မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ COVID-10 ရောဂါနဲ့ပတ်သက်ပြီး မိုဘိုင်းလ်ဖုန်းတွေမှာ သုံးနိုင်တဲ့ အက်ပလီကေးရှင်း အမျိုးမျိုးကို နိုင်ငံတော်တော်များများမှာ ရေးဆွဲဖြန့်ချိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးကို လုပ်ဆောင်နေပါတယ်။ 

မြန်မာနိုင်ငံမှာလည်း ရောဂါတွေ့တဲ့ နေရာအရေအတွက် စတာတွေကို ဖော်ပြပေးနိုင်တဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို မကြာသေးခင်ကပဲ ပညာရှင်တချို့က ရေးဆွဲဖြန့်ချိခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁၉ ရက် မနက် ၇ နာရီအထိ COVID-19  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၇ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013