
မြန်မာနိုင်ငံမှာ အသက် ၁ နှစ်နဲ့ ၆ လသားအရွယ်ကလေးငယ်တဦး COVID-19 ရောဂါကူးစက်ခံရပြီး ဒီကနေ့ ဧပြီ ၁၈ ရက် ည ၉ နာရီအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၉၈ ဦးသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဒီကနေ့ ပထမအသုတ်စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၁ ခု အနက် ၂ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရပြီး ဒုတိယအသုတ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၄ ခုထဲမှာလည်း ၂ ဦး စုစုပေါင်း လူနာသစ် ၄ ဦး တွေ့ရှိခဲ့တာပါ။
အဆိုပါလူနာသစ် ၄ ဦးထဲက လူနာအမှတ် (၉၅) က ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က အသက် ၁ နှစ် ၆ လသားအရွယ် ယောက်ျားလေး ၁ ဦးဖြစ်ပါတယ်။ လူနာအမှတ် (၉၆) က ရှမ်းပြည်နယ် တာချီလိတ်မြို့က အသက် ၄၃ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပါတယ်။
လူနာအမှတ် (၉၇) ကတော့ ရန်ကုန်တိုင်း သင်္ကန်းကျွန်းက အသက် ၄၃ နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ပြီး လူနာအမှတ် (၉၈) ကတော့ မရမ်းကုန်းမြို့နယ်က အသက် ၂၀ အရွယ် အမျိုးသမီးတဦးဖြစ်ပါတယ်။
အဆိုပါလူနာသစ် ၄ ဦးလုံးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေဖြစ်ပြီး အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလ ၁၈ ရက်ည ၉ နာရီအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၉၈ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂ ဦးရှိပါတယ်။










