
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီ ၁၈ ရက်နေ့ ပထမအသုတ်စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၁ ခု အနက် ၂ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါလူနာ ၂ ဦးကို သက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းပြီး သီးခြားထားရှိကုသမှု ပေးသွားမယ်လို့လည်း ဒီကနေ့ည ၈ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီလ ၁၈ ရက်နေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၉၆ ဦးအထိရှိသွားပြီဖြစ်ပြီး သေဆုံးသူကတော့ ၅ ဦးရှိပါတယ်။
ရောဂါကူးစက်ခံရပြီးနောက် ပိုးမတွေ့ရတော့ဘဲ ပြန်ကောင်းလာသူ ၅ ဦးရှိပြီး ဒီအထဲက ၂ ဦးကတော့ ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်ပါတယ်။
အတည်ပြုလူနာတွေအထဲက ၃ ဦးကိုတော့ အထူးကြပ်မတ်ကုသဆောင်တွေမှာ ကုသမှုပေးနေပြီး ကျန်လူနာတွေရဲ့ အခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
PHOTO-MOHS










