DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်တို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
DVB
·
April 18, 2020
ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်တို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
Donate to DVB

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ ညမထွက်ရအမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်၊ မြို့နယ် အုပ်ချုပ်ရေးတွေက စာနဲ့ ထုတ်ပြန်တားမြစ်လိုက်ကြတာပါ။

ဒီလိုထုတ်ပြန်ကြရာမှာ တချို့မြို့နယ်တွေက ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်လို့ သုံးပေမယ့် တချို့မြို့နယ်တွေကတော့ ဒေသန္တရတားမြစ်မိန့်လို့ပဲ သုံးစွဲထားကြပါတယ်။ ပြီးတော့ မြို့နယ်တော်တော်များများမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ဖို့ သတ်မှတ်ကြပေမယ့် တချို့မြို့နယ်တွေကတော့ ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ဖို့ သတ်မှတ်ထားပါတယ်။

ဌာနဆိုင်ရာတာဝန်နဲ့သွားလာတာ၊ ကျန်းမာရေးကိစ္စနဲ့ နာရေးကိစ္စတို့ကိုတော့ ခြွင်းချက်ပေးထားတာကို တွေ့ရပြီး တချို့မြို့နယ်တွေမှာတော့ တာဝန်ရှိသူတွေပဲ သွားလာဖို့ ကန့်သတ်ထားပါတယ်။

ပြီးတော့ ဒီအမိန့်ဟာ ၂ လတာကာလအတွက် ထုတ်ပြန်တာဖြစ်ပြီး နောက်ထပ် တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလို အမိန့်တွေ ထုတ်ပြန်ထားတာနဲ့ပတ်သက်လို့ တနိုင်ငံလုံး ထုတ်ပြန်သွားမှာလားလို့ ဒီဗွီဘီသတင်းထောက်က မေးမြန်းရာမှာ တိုင်းနဲ့ပြည်နယ်အစိုးရတွေကပဲ လုပ်ပါလိမ့်မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖြေပါတယ်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကလည်း အမြန်လမ်းမကြီး ဖြတ်သန်းသွားတဲ့ တိုင်းတွေမှာ ညမထွက်ရအမိန့် ထုတ်ထားတာကြောင့် အမြန်လမ်းသုံးပြီး သွားလာမယ့်သူတွေအနေနဲ့ အချိန်ကို ချင့်ချိန်တွက်ချက်ပြီး သွားလာကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013