
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ညောင်ကျိုးအုပ်စုရှိ Facility Quarantine Center မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦး ဧပြီ ၁၈ ရက်မနက်က သေဆုံးသွားတယ်လို့ သိရပါတယ်။
“သူတို့သားအမိက ရန်ကုန် လှော်ကားပြန်ဆိုတော့ အ.ထ.က ညောင်ကျိုးရှေ Facility Quarantine Center မှာ စောင့်ကြည့်နေတာပါ။ ညက အရမ်းနေမရဘူး၊ ဖျားတာတွေ အောင့်တာတွေ ဖြစ်လို့ ဟင်္သာတပြည်သူ့ဆေးရုံ လွှဲလိုက်တယ်။ ဟိုရောက်တော့ ဒီမနက် ဆုံးတယ်လေ။ သုံး လေးရက်ပဲ ရှိသေးတယ် သူတို့ရောက်တာလေ။ COVID-19 ပိုး ရှိ၊ မရှိတော့ အတည်မပြုနိုင်သေးပါဘူး” လို့ ညောင်ကျိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောပါတယ်။
အင်္ဂပူမြို့နယ် ညောင်ကျိုးကျေးရွာအုပ်စုမှာ ပြည်ပပြန်နဲ့ ပြည်တွင်းရောဂါဖြစ်ရာဒေသ ပြန်တဲ့သူတွေကို အ.ထ.က ညောင်ကျိုးမှာ Facility Quarantine Center ဖွင့်ပြီး ပထမ ၁၄ ရက်နဲ့ ခု နောက်ပိုင်း ၂၁ ရက်စောင့်ကြည်ပေးနေတာပါ။
ဟင်္သာတပြည်သူ့ဆေးရုံက သေဆုံးသွားတဲ့ အမျိုးသမီးနဲ့သူ့သားတို့ဆီက ဓာတ်ခွဲနမူနာကို COVID-19 ပိုးရှိ၊ မရှိ စစ်ဆေးဖို့ ရန်ကုန်ပို့ထားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ အစာအိမ်ရောဂါဖြစ်ပွားနေသူ ဖြစ်ပြီး ရန်ကုန် လှော်ကားကနေ ပြီးခဲ့တဲ့တပတ်လောက်က အင်္ဂပူမြို့နယ် ဝက်လဟာကျေးရွာကို ပြန်ခဲ့သူတွေ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ သားဖြစ်သူကို ဟင်္သာတ ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိတယ်လို့ ညောင်ကျိုး ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။










