DVB Logo
Home
မြန်မာသတင်း
ပန်းတနော် ကျုံတိုင်းကြီးကျေးရွာအုပ်စုတွင် အစိုးရက ထောက်ပံ့သည့် စားသုံးကုန်များ မရရှိသေး
DVB
·
April 18, 2020
ပန်းတနော် ကျုံတိုင်းကြီးကျေးရွာအုပ်စုတွင် အစိုးရက ထောက်ပံ့သည့် စားသုံးကုန်များ မရရှိသေး
Donate to DVB

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာအုပ်စုမှာ အခြေခံလူတန်းစားတွေကို အစိုးရက ထောက်ပံ့ပေးအပ်တဲ့ စားသုံးကုန်ပစ္စည်းတွေ ဧပြီလ ၁၈ ရက်နေ့ထိ မရရှိသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်ကာလအတွင်း အစားအသောက်များ အဆင်ပြေစေဖို့အတွက် အစိုးရက အခြေခံလူတန်းစားတွေကို ဧပြီ ၁၂ ရက်နေ့က စတင်ထောက်ပံ့ခဲ့တာ ဖြစ်ပေမဲ့ ကျုံတိုင်းကြီးကျေးရွာအုပ်စု အပါအဝင် အခြား ကျေးရွာတွေမှာ ထောက်ပံ့တဲ့ ပစ္စည်းတွေ မရရှိသေးတာလို့ ဒေသခံတွေက ပြောတာပါ။

အစိုးရရဲ့ ထောက်ပံ့မှုကို ခုချိန်ထိမရရှိသေးတဲ့ ကျုံတိုင်းကြီးကျေးရွာမှာ ဧပြီ ၁၂ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေကို ဘုန်းကြီးကျောင်းကို ခေါ်ပြီး ဆန်အိတ်နဲ့ ဆီပုံးတွေကို ကိုင်ခိုင်းပြီး ဓါတ်ပုံရိုက်ခဲ့ပေမယ့် အစိုးရထောက်ပံ့တဲ့ စားသောက်ကုန်တွေအတွက် နိုင်ငံတော်က ပိုက်ဆံမပေးသေးလို့ သင်္ကြန်ပြီးမှ ရမယ်ဆိုပြီး ရွာသားတွေကို ပြောဆိုခဲ့တာပါ။

“၁၂ ရက်နေ့ မနက်ပိုင်းက ရွာဘုန်းကြီးကျောင်းကို ခေါ်လို့ သွားရတယ်၊ ဆန်အိတ်နဲ့ ဆီပုံးကို ကိုင်ခိုင်းပြီးတော့ ဓါတ်ပုံရိုက်တယ်၊ ပြီးတော့ ပြန်ယူထားတယ် မပေးလိုက်ဘူး၊ သင်္ကြန်ပြီးမှ ပေးမယ်ပြောတယ်” လို့ ကျုံတိုင်းကြီး ကျေးရွာနေ ဒေါ်မေဓာဝီက ပြောပါတယ်။

အခုလို ဓာတ်ပုံရိုက်တာနဲ့ပတ်သက်လို့ ကျုံတိုင်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွဋ်က “ရွာသားတွေကို ဘုန်းကြီးကျောင်းခေါ်ပြီး ဆန်အိတ်နဲ့ ဆီပုံးတွေ ကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်ခိုင်းတာ ဟုတ်ပါတယ်။ အဲဒီပုံတွေ တင်ပြမှ ထောက်ပံ့တဲ့ စားသုံးကုန်တွေ ရမှာမို့လို့ပါ၊ အဲဒါကြောင့် ဓာတ်ပုံရိုက်ရတာပါ၊ ဒီနေ့တော့ မြို့နယ်ရုံးမှာ အစည်းအဝေးလုပ်နေပါပြီ” လို့ ပြောပါတယ်။

ကျေးရွာက အခြေခံလူတန်စားတွေ အစိုးရထောက်ပံ့တဲ့ စားသုံးကုန်တွေ ရရှိရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးသွားတက်နေပြီး အစည်းအဝေးပြီးမှ အသေးစိတ်သိရမယ်လို့ ဆိုပါတယ်။

ကျုံတိုင်းကြီးကျေးရွာမှာတော့ အစိုးရ ထောက်ပံ့ပေးတဲ့ စားသုံးကုန်တွေကို အိမ်ခြေ ၄၀ လောက်ပဲ ရရှိခဲ့လို့ ဝေငှ သုံးခဲ့ရတယ်လို့ ကျေးရွာနေ ကိုအောင်သန်းဌေးက ပြောပါတယ်။

“ကျနော်တို့ဆီမှာ တင်ထားတာက အိမ်ခြေကများတော့ အိမ်ခြေ ၄၀ လောက်အတွက်ပဲ ရတယ်၊ ၁၂ ရက်နေ့ကတည်းက ရတယ်၊ အခြေခံလူတန်းစားက များပြီး ရတာကနည်းတော့ ရတဲ့ဟာနဲ့ လောက်အောင်ဝေငှနေတယ်” လို့ ပြောပါတယ်။

အစိုးရက ထောက်ပံ့တဲ့ အခြေခံလူတန်းစားများအတွက် စားသုံးကုန်တွေကို ဧရာဝတီတိုင်း ပုသိမ်မြို့၊ ဇင်ပြွန်းကုန်းကျေးရွာမှာ ဧပြီလ ၁၂ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက် ပေးဝေခဲ့ပြီး ထောက်ပံ့မှုကို စတင်ခဲ့တာပါ။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013