ကယားပြည်နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်
နော်နိုရင်း
·
April 18, 2020
COVID-19 ရောဂါကူးစက်ပြန့်ပွားတာကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ကယားပြည်နယ်အတွင်း ဧပြီ ၁၈ ရက်နေ့ကစလို့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ကယားပြည်နယ်အတွင်းက မြို့နယ်တွေမှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ Curfew အမိန့်ထုတ်ပြန်ဖို့ ပြည်နယ်အစိုးရအဖွဲ့ မနေ့က ညွန်ကြားထားတာပါ။
လွိုင်ကော်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး အမိန့်တစုံတရာ ထပ်မံထုတ်ပြန်မှု မရှိမချင်း နေ့စဉ် ည ၁၀ နာရီကနေ မနက် ၄ နာရီအချိန်အထိ ပြင်ပကို လုံးဝလုံးဝ မထွက်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက လက်မှတ်ထိုး ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရတဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ခွင့်ပြုလမ်းညွန်ချက်တွေနဲ့အညီ ဆောင်ရွက်ဖို့၊ နေ့လယ်/နေ့ခင်း မဖြစ်မနေ ပြင်ပကို သွားလာဖို့ ကိစ္စရှိပါက ၅ ဦးထက်မပိုဘဲ ထွက်ကြဖို့နဲ့ Mask မတပ်ဘဲ အိမ်ပြင်မထွက်ဖို့လည်း ထုတ်ပြန်ထားပါတယ်။
ပြီးတော့ ဈေးအသီးသီးရှိ ဈေးရောင်းဈေးဝယ်တွေအနေနဲ့ Mask တွေ တပ်ဆင်ပြီးမှသာ ရောင်းဝယ်မှုလုပ်ဖို့ စတဲ့ အချက် ၄ ချက်ကို ထုတ်ပြန်ထားပါတယ်။
ဒီအချက်ပါ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ ထုတ်ပြန်ပါတယ်။
ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ အစရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း အလားတူအမိန့်စာကို ဒီကနေ့ ရက်စွဲနဲ့ အသီးသီးထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်ထဲမှာ COVID-19 လူနာမတွေ့ရသေးပေမယ့် ကာကွယ်ထိန်းချုပ်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အသီးသီးက အမိန့်စာ ထုတ်ပြန်တာပါ။
ဒီကနေ့ ဧပြီ ၁၈ ရက်နေ့အထိ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးမှာ COVID-19 သံသယလူနာ ၉ ယောက်နဲ့ ဆေးစစ်ချက်အဖြေ စောင့်ဆိုင်နေသူ ၈ ယောက်ရှိတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။

