DVB Logo
Home
ကျန်းမာရေး
Covid-19 ပိုးက အဝတ်အစားနဲ့ ဖိနပ်ကနေ အိမ်ကို ကပ်ပါလာနိုင်လား
DVB
·
April 18, 2020
Covid-19 ပိုးက အဝတ်အစားနဲ့ ဖိနပ်ကနေ အိမ်ကို ကပ်ပါလာနိုင်လား
Donate to DVB

ခုလိုအချိန် ကျွန်တော်တို့ နိုင်ငံမှာတော့ lockdown လုပ်တာမျိုး မရှိတဲ့အပြင် ရောဂါအခြေအနေကလည်း ဆိုးရွားနေတဲ့အထဲမှာ မပါသေးဘူးဆိုတော့ နည်းနည်း စိတ်အေးရတယ် ဆိုရမှာပါ။ ပြည်သူတွေ အားလုံးကလည်း မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ အရေးတကြီး အိမ်အတွက် ဈေးဝယ်စရာ ရှိမှသာ အပြင်ထွက်တာမျိုး လုပ်နေကြပြီဆိုတာ ပြန်ကြားရတော့ တော်တော်လေးကို ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုအတိုင်းလေးပဲ ဆက်ပြီး ထိန်းထားနိုင်ကြဖို့လည်း မျှော်လင့်မိပါတယ်။

ဟိုတလောကတော့ ကျွန်တော်တို့ဆီကို အိမ်ထောင်ရှင် အမျိုးသမီးတွေ လာမေးကြတယ်ဗျ။ Covid-19 က ချောင်းဆိုး၊ နှာချေလိုက်ရာကနေ ပါးစပ်က ထွက်လာတဲ့ အမှုန်အမွှားက တစ်ဆင့် ကူးစက်တာဆိုတော့ အဝတ်အစားတွေ၊ ဖိနပ်တွေကိုရော မကူးနိုင်ဘူးလား၊ အဲ့ကနေ အိမ်ကို ပြန်သယ်လာမိနိုင်လား ဆိုတာပေါ့။ ဖြစ်လေ့ဖြစ်ထ အရမ်းနည်းတဲ့ ကိစ္စဆိုပေမယ့် ပုံမှန်ထက် ပိုပြီး တိကျတဲ့သူတွေ၊ တစ်ခုခုဆို သူများထက် ပိုပြီး စိုးရိမ်တတ်တဲ့သူတွေရဲ့ သောကကို ပြေလျော့သွားစေဖို့ ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။

အဝတ်အစားမှ တစ်ဆင့် ကူးစက်နှုန်းဟာ အရမ်း နည်းပါတယ်။


ပုံမှန် အိမ်ကနေ ဈေးကို ပြေးပြီး ဝယ်ခြမ်းစရာရှိတာ ဝယ်မယ်။ ပြီးရင် အိမ်တန်းပြန်တယ်၊ ဒါဆိုရင် ပြဿနာ မရှိပါဘူး။ လက်ရှိ သိထားသလောက်က ဗိုင်းရပ်စ်ပိုးက ရောဂါပိုးရှိသူရဲ့ ပါးစပ်၊ နှာခေါင်းက ထွက်တဲ့ droplet အရည်တွေကနေ တစ်ဆင့် ပျံ့ပါတယ်။ အဲ့အရည် ကျသွားတဲ့ နေရာ (ဥပမာ- သံ၊ မြေကြီး၊ ပလတ်စတစ် စသဖြင့်ပေါ့) ပေါ် မူတည်ပြီးတော့ အသက်ရှင်နိုင်ခြေသည် နာရီပိုင်းကနေ ရက်ပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။

နောက်ပြီး ပိုးကူးစက်ခံရသူတွေကို စစ်ဆေးကြည့်ရသလောက် လက်ရှိအချိန်ထိကို အဝတ်အစားတွေကနေ ကူးစက်ခံရသူ တစ်ဦးတစ်ယောက်မှ မရှိသေးပါဘူး။ ဒါ့အပြင် အဝတ်အစားပေါ်မှာ ရောဂါပိုးက ကြာရှည်စွာ အသက်ရှင်နိုင်တယ်ဆိုတဲ့ အတည်ပြုချက်လည်း မရထားသေးပါဘူး။ ဒီအတွက်တော့ အရမ်းကြီး စိတ်ပူဖို့ မလိုအပ်ဘူးလို့ ပြောချင်ပါတယ်ခင်ဗျ။

ဒါ့ထက် ပိုပြီး ဂရုစိုက်ချင်တယ် ဆိုရင်တော့ အပြင်ကို အမြန်ထွက်ပြီး ပြန်လာတာနဲ့ ကိုယ်ဝတ်ထားတဲ့ အဝတ်တွေကို လျှော်ရင်လျှော်၊ ဒါမှမဟုတ်လည်း တခြားအဝတ်တွေနဲ့ မရောဘဲ သီးသန့်ထားထားပြီးတော့ အချိန်ရရင် အမြန်လျှော်ကြည့်ပေါ့ဗျာ။ အကယ်လို့ ကိုယ်အပြင်သွားနေတဲ့အချိန် ကိုယ့်ဘေးမှာ ဖြတ်သွားတဲ့ လူတစ်ယောက်ယောက်က ပါးစပ်မအုပ်ဘဲ ချောင်းဆိုးလိုက်တယ်၊ နှာချေလိုက်တယ် ဆိုရင်တော့ နည်းနည်း ဝေးရာကို ရှောင်ပြီး အိမ်ပြန်ရောက်တာနဲ့ အဝတ်တွေကို တန်းလျှော်၊ ရေချိုးတာမျိုး လုပ်သင့်ပါတယ်။ ဒါက ပိုပြီး စိတ်ချရအောင်လို့ပါ။

ဖိနပ်လည်း ထိုနည်းတူပါပဲ။


အဝတ်အစားနဲ့ ယှဉ်လိုက်ရင် ဖိနပ်က ပိုညစ်ပတ်တယ်။ အပြင်က ရွှံ့တွေ၊ အညစ်အကြေးတွေ၊ ရောဂါပိုးပေါင်းစုံတွေကို သယ်လာနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှတော့ ဒီဖိနပ်ကို မျက်နှာနဲ့ နီးကပ်နေအောင် ထားမယ်လို့ မထင်ပါဘူး။ ဘယ်သူကမှလည်း အပြင်စီးတဲ့ ဖိနပ်ကို အိမ်မှာ ပတ်စီးတာ၊ နောက်ဖေး မီးဖိုချောင်ထိ စီးသွားတာမျိုး မလုပ်ပါဘူး။ အဲ့တော့ ဖိနပ်ကနေ တစ်ဆင့် ကူးစက်နိုင်လားဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် ကူးစက်နိုင်ခြေ မရှိသလောက် နည်းတယ်လို့ပဲ ဖြေရမှာပါ။

ပိုပြီး အကာအကွယ် ယူချင်တယ်ဆိုရင် အပြင်ကနေ ပြန်လာတာနဲ့ အရက်ပြန်ကို စပရေးဖျန်းတဲ့ ဘူးလေးထဲ ထည့်ပြီး ဖိနပ်အောက်ခြေကို ဖျန်းပေးရုံပါပဲ။ အပြင်စီးတဲ့ ဖိနပ်နဲ့ အိမ်ထဲမှာ ပတ်စီးတာမျိုးတော့ မလုပ်နဲ့ပေါ့ဗျာ။

ဒီတော့ အဝတ်အစားနဲ့ ဖိနပ်ကနေ Covid-19 ကူးနိုင်လားဆိုတဲ့ သံသယတွေ အနည်းငယ် ငြိမ်းအေးနိုင်လောက်ပြီလို့ ထင်ပါတယ်။ ဒီနှစ်ခုကို စိတ်ပူမယ့်အစား အဓိက ဈေးသွားပြီး ပြန်သယ်လာမယ့် ပလတ်စတစ်အိတ်တွေ၊ စားစရာတွေကို သေချာ ဂရုစိုက်ပြီး ပိုးသန့်စင်တာက ပိုအဆင်ပြေမှာပါ။ ခုအခြေအနေအရ မြန်မာနိုင်ငံသည် တော်တော် အခြေအနေကောင်းနေတယ်၊ အဲ့အတိုင်းလေးပဲ ဆက်ထိန်းထားနိုင်ရင် ကူးစက်ခံရသူ၊ လူအသေအပျောက်ဟာလည်း တော်တော်နည်းနေမှာပါ။ အားလုံးပဲ ဒီကာလကို အသိနဲ့ သတိယှဉ်ပြီး ကျော်ဖြတ်ကြပါနော်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013