
ဘိုလီးဗီးယားနိုင်ငံမှာ မေလကတည်းက စတင်ပြီး ရက်ပေါင်း ၅၀ ကျော်ကြာ တနိုင်ငံလုံး အကြပ်ရိုက်ခဲ့ရတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ လမ်းပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့အတွက် သမ္မတ ရိုဒရီဂိုပတ်ဇ်နဲ့ "ဘိုလီးဗီးယားအလုပ်သမားအဖွဲ့ချုပ်" တို့ ဇွန် ၁၉ ရက်မှာ သဘောတူညီချက် ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါတယ်။
အလုပ်သမားအဖွဲ့ချုပ်ခေါင်းဆောင် မာရီယိုအာဂိုလိုက အစိုးရဘက်က သဘောတူညီချက်အတိုင်း ချက်ချင်းလိုက်နာဖို့ ကတိပြုထားတာကြောင့် တနိုင်ငံလုံးက ဖိအားပေး ဆန္ဒပြမှုတွေကို ပြန်ရုပ်သိမ်း လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
သမ္မတ ပတ်ဇ်ကလည်း ဒါဟာ နိုင်ငံအတွက်တကယ့်ကို ခက်ခဲတဲ့ ရက် ၅၀ ဖြစ်ခဲ့ကြောင်းနဲ့ သဘာဝသယံဇာတတွေကို နိုင်ငံတော်အချုပ်အခြာအာဏာအောက်မှာပဲ ဆက်ထားပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် သုံးသွားမယ်လို့ ဆိုပါတယ်။
ဒီသဘောတူညီချက် မရခင်အထိ လမ်းပိတ်ဆို့မှုတွေကြောင့် လာပတ်ဇ်၊ အယ်လ်အာလ်တို့နဲ့ ကိုချာဘမ်ဘာမြို့ကြီးတွေဟာ ဝိုင်းရံ ပိတ်ဆို့ခံထားရသလိုဖြစ်ပြီး အခြေခံစားသောက်ကုန်၊ ဆေးဝါး နဲ့ စက်သုံးဆီတွေ အကြီးအကျယ် ပြတ်လပ်ခဲ့ပါတယ်။
လမ်းတွေပိတ်ထားလို့ ပြည်သူတွေဟာ မိသားစုတွေဆီ အသားနဲ့ စားသောက်ကုန်တွေ ပို့ပေးနိုင်ဖို့ ဆန်တာခရုဇ်မြို့ လေဆိပ်မှာ ရက်ပေါင်းများစွာ တန်းစီပြီး လေကြောင်းကုန်စည်ကတဆင့် ခက်ခက်ခဲခဲ ပို့ခဲ့ရပါတယ်။
အမျိုးသားစက်မှုအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရဲ့ စီးပွားရေးဆုံးရှုံးမှုဟာ အနည်းဆုံး ဒေါ်လာ ၂ ဘီလီယံအထိ ရှိခဲ့ပြီး ပို့ကုန် ဒေါ်လာ သန်း ၅၀၀ ဖိုးလောက် ကျဆင်းခဲ့ပါတယ်။ ကြက်ဘဲ မွေးမြူရေးလုပ်ငန်းတွေဆိုရင် တရက်ကို ဒေါ်လာ ၁ သန်းခွဲလောက် ဆုံးရှုံးခဲ့ရပါတယ်။
ဒီပဋိပက္ခအတွင်း အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ရတဲ့အပြင် ကုန်တင်ကားမောင်းသမား ၅၀ လောက်လည်း လမ်းပေါ်မှာ အခြေအနေ စိုးရိမ်ရလို့ အရေးပေါ် ကယ်ထုတ်ခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Ombudsman) ရဲ့ အစီရင်ခံစာအရသိရပါတယ် ။
ဒီပြဿနာရဲ့အစ ကတော့ ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ ရွေးကောက်ခံခဲ့ရတဲ့ သမ္မတပတ်ဇ်ရဲ့ အသုံးစရိတ် လျှော့ချတဲ့ မူဝါဒတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စက်သုံးဆီပြတ်လပ်မှုတွေကြောင့် မေလမှာ အလုပ်သမားတွေ၊ ကျောင်းဆရာတွေ၊ လယ်သမားတွေနဲ့ သမ္မတဟောင်း အီဗို မိုရာလက်စ်ကို ထောက်ခံသူတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။
အထူးသဖြင့် ကားတွေကို ပျက်စီးစေတဲ့ အရည်အသွေးညံ့ ဓာတ်ဆီတွေ တင်သွင်းခဲ့လို့ သယ်ယူပို့ဆောင်ရေးသမားတွေကြားမှာ ဒေါသထွက်ပြီး လမ်းပိတ်ဆို့ သပိတ်မှောက်တဲ့အထိ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
အဓိက အလုပ်သမားအဖွဲ့ချုပ်နဲ့ သဘောတူညီချက်ရလို့ ပြည်သူတွေက သမ္မတနန်းတော် အပြင်ဘက်မှာ "ဘိုလီးဗီးယား အောင်နိုင်ပြီ" ဆိုပြီး အောင်ပွဲခံခဲ့ကြပေမဲ့ ဆွေးနွေးပွဲမှာ မပါဝင်ခဲ့တဲ့ ကျေးလက်ဒေသက အုပ်စုတချို့ကတော့ ဆက်လက် ဆန္ဒပြနေကြတုန်းပဲမို့ ဆန္ဒပြမှုအားလုံး လုံးဝကြီး ငြိမ်သက်သွားတာတော့ မဟုတ်သေးပါဘူး။
Source:Reuters










