
ရန်ကုန်မှာ နှစ်စဉ် သီတင်းကျွတ်ကာလအတွင်း ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲဈေးကို တပတ်ကြာ ကျင်းပသွားမယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပွဲဈေးကျင်းပဖို့အတွက် ဆိုင်ခန်းနေရာတွေကို သတ်မှတ်ပြီးသွားပြီဖြစ်ကာ ဇာတ်ပွဲတွေကိုပါ ထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။
ရေကျော်မှာနေထိုင်သူတယောက်က “အခုက ဇာတ်ပွဲတွေ ခေတ်စားနေတော့ အဲဒါတွေပါမယ်လို့ ကြားတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေရော။ ကိုယ်တွေကတော့ ပွဲဈေးမလုပ်နဲ့လို့ မပြောဘူး၊ လုပ်ပါ။ ဒါပေမဲ့ ပတ်ဝန်းကျင်ကိုလည်း အားနာသင့်တယ်။ ပွဲတော်ရက်ဆိုရင် လူတွေက နေလို့မရတော့ဘူး။ အညှော်နံ့တွေနံတာ တအားပဲ။ ရောဂါရမှာတောင် စိုးရတယ်။ အညှော်သက်သာအောင် တခုခုတော့ လုပ်သင့်တယ်” လို့ ပြောပါတယ်။
ရေကျော်ပွဲဈေးကို အောက်တိုဘာ ၂၁ ရက်ကနေ ၂၇ ရက်အထိ တပတ်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး လုံခြုံရေးကိုလည်း အရင်နှစ်တွေထက် နှစ်ဆတိုးမြှင့်ထားတယ်လို့ သိရပါတယ်။
ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ စစ်အာဏာရှင်က ဦးစီးပြီး ပြန်လည်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပွဲဈေးကို သွားရောက်မဲ့သူတွေကိုလည်း လူပျောက်ဖြစ်စဉ်တွေ များနေတာကြောင့် သတိနဲ့ သွားလာလည်ပတ်ဖို့ကိုလည်း သတိပေးမှုတွေ ရှိနေပါတယ်။











