
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ပြည်သူများအထိတ်တလန့်ဖြစ်အောင် လူမှုကွန်ရက်ပေါ်မှာ မမှန်မကန် သတင်းရေးသားဖြန့်ဝေသူတဦးကို အမှုဖွင့်အရေးယူထားတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၁၄ ရက်နေ့က “အမရပူရမြို့သူမြို့သားတို့ ဆုံဆည်းရာ” Facebook လူမှုကွန်ရက်စာမျက်နှာ group အတွင်းမှာ Paing Phyo အမည်ရှိတဲ့ Facebook အကောင့်ကနေ “အမရပူရမြို့နယ်၊ ငယ်တိုးတိုက်နယ်မှာ ဓားပြတိုက်နေပါတယ်၊ အကူအညီလိုအပ်ပါတယ်၊ မိုက်နဲ့အော်နေပါတယ်၊ ရဲကောစစ်တပ်ကောစုံနေပါပြီ၊ မယုံရင်လာခဲ့ကြပါ ကျွန်တော်စောင့် နေပါတယ်၊ အမရပူရမြို့နယ်၊ ငယ်တိုးတိုက်နယ်၊ ဈေးကုန်းကို” ဆိုပြီး နှစ်ကြိမ်တိုင် ရေးသားထားတာ တွေ့ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်အတည်ပြု စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ သွားရောက်စုံစမ်းစစ်ဆေးရာမှာ ငယ်တိုးတိုက်နယ်အတွင်းက ရပ်ကွက်လမ်းထိပ်တွေမှာ အဲဒီလိုရေးသားထားတဲ့ သတင်းမှားကြောင့် ရပ်ကွက်နေပြည်သူလူထုဟာ အထိတ်တလန့်ဖြစ်ပြီး တုတ်လက်နက်တွေ ကိုင်ဆောင်ကာ ကာကွယ်ဖို့ စောင့်ဆိုင်းနေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါရပ်ကွက်အတွင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ တစုံတရာ မတွေ့ရှိခဲ့ရဘူးလို့ သိရပါတယ်။
အဲဒီအတွက် “Paing Phyo" Facebook အကောင့်ကို ဆက်လက်စုံစမ်းခဲ့တဲ့အခါ အကောင့်ပိုင်ရှင်မှာ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာနေ ဖြိုးသက်ပိုင်ဆိုသူ ဖြစ်တာကို သိရှိရတဲ့အတွက် ဖမ်းဆီ်အမှုဖွင့်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖြိုးသက်ပိုင်ကို နေအိမ်မှာပဲ ဖမ်းဆီးရမိခဲ့ပြီး ဧပြီ ၁၅ ရက်နေ့ ညနေပိုင်းက အမရပူရမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က)အရ အမှုဖွင့်စစ်ဆေးကာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့










