DVB Logo
Home
မြန်မာသတင်း
မြန်မာနှစ်ကူးအထိမ်းအမှတ် အကျဉ်းသား ၂၅၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ပေး
DVB
·
April 17, 2020
မြန်မာနှစ်ကူးအထိမ်းအမှတ် အကျဉ်းသား ၂၅၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ပေး
1 / 6
Donate to DVB

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှာရှိတဲ့ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၂၄၈၉၆ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတက ဧပြီ ၁၇ ရက်က အမိန့်ထုတ်ပြန်ပါတယ်။

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ အကျဉ်းထောင်/ စခန်းအသီးသီးရှိ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၂၄၈၉၆ ဦးတို့ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ရဲ့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်မှာ ဖော်ပြပါရှိပါတယ်။

အလားတူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှူတဲ့အနေနဲ့ အကျဉ်းထောင်/ စခန်းအသီးသီးရှိ နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၈၇  ဦးတို့ကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ သီးခြားထုတ်ပြန်ပါတယ်။

ဒါ့အပြင် သေဒဏ်ပြစ်ဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ် တစ်သက် (လွတ်ရက်မရှိ) ပြစ်ဒဏ်သို့ ပြောင်းလဲကျခံစေဖို့၊ နှစ်အကန့်အသတ်မရှိနဲ့ ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကျခံ နေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ ကျခံစေဖို့၊ ထောင်ဒဏ် နှစ် ၄၀ အထက်ကျခံနေရသူတွေကို  ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေဖို့နဲ့ ထောင်ဒဏ် နှစ် ၄၀ အောက်ကျခံနေရသူတွေကိုလည်း ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတပုံ လျှော့ပေါ့ကျခံစေဖို့လည်း သမ္မတက ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားလွှတ်ပေးရာမှာတော့ အင်းစိန်အကျဉ်းထောင်က ၄၃၀၀ ရှိပါတယ်။

COVID-19 ကြောင့် ရောဂါကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ အကျဉ်းထောင်ရှေ့ မျက်နှာစာတွေမှာ ပိုးသတ်ဆေးဖျန်းတာတွေနဲ့ အကျဉ်းသားတွေကို ကားတွေနဲ့ စေလွှတ်တဲ့ပုံစံနဲ့ လွှတ်ပေးတာကို တွေ့ရပါတယ်။

သတင်း၊ ဓာတ်ပုံ - နန့်ခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013