
ဧရာဝတီတိုင်းအတွင်း နှစ်ဆန်းတစ်ရက်နေ့မှာ လူစုလူဝေးနဲ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်တာတွေ မပြုလုပ်ဖို့ တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အန္တရာယ်ကင်းပရိတ်တော်တွေ ရွတ်ဖတ်ပူဇော်ပွဲကို ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ရွတ်ဖတ်ပူဇော်ပြီး အများကြားနိုင်အောင် အသံချဲ့စက်နဲ့ အန္တရာယ်ကင်းပရိတ်တရားတော်တွေ လွှင့်ထုတ်ပေးနိုင်ဖို့ မြို့နယ်အတွင်းရှိ သံယနာယက ဆရာတော်ကြီးတွေနဲ့ ကျောင်းတိုက်တွေက ဆရာတော်ကြီးတွေကို ကြိုတင်လျှောက်ထားတင်ပြသွားဖို့ ကော်မတီက ထုတ်ပြန်ကြေညာထားတာပါ။
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း အသံသွင်းတိတ်ခွေတွေ CD တွေ အသုံးပြုပြီး အသံချဲ့စက်နဲ့ ထုတ်လွှင့်ပေးသွားဖို့ တိုင်းအဆင့် COVID-19ကော်မတီ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ပြည်သူတွေကလည်း မိမိအိမ်အတွင်းမှသာ တရားတော်တွေ နာယူကြဖို့ ပြည်သူတွေ သိရှိအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် လူ ၅ ဦးဖြစ်စေ၊ ၅ ဦးအထက်ဖြစ်စေ စုဝေးခြင်းမပြုရ၊ လိုက်နာဖို့ ပျက်ကွက်ပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပ ဧပြီ ၁၆ ရက်နေ့ ည ၈ နာရီက ထုတ်ပြန်ထားပါတယ်။










